Pages

Showing posts with label Burmese. Show all posts
Showing posts with label Burmese. Show all posts

Saturday, September 6, 2014

အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တိုင်းရင်းသားပါတီတွေ သံသယရှိ



Kamayut Media, September 6, 2014

တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဗေဒါအင်စတီကျူ့တို့ဟာ မြန်မာပြည် အသွင်ကူးပြောင်းမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ Mi Casa ဟိုတယ်မှာ စက်တင်ဘာ ၆ရက်နေ့က တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်ကို မယုံကြည်ကြဘူးလို့ ဘာ့ကြောင့်ပြောတာလဲ။

မြန်မာအစိုးရ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တိုင်းရင်းသားပါတီတွေက ယုံကြည်မှု အားနည်းနေတယ်လို့ ဗေဒါအင်စတီကျု့က ကိုနေမိုးအောင်က ပြောပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၂ခုနဲ့ ဗေဒါအင်စတီကျူ့တို့ တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရရဲ့ လုပ်ဆောင်မှုကို အကောင်းမြင်သူ အားနည်းပြီး ယုံကြည်မှုတွေ နည်းနေတယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးကို အခြေခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တာထက် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြိုင်တူတွဲလုပ်သွားရင် ပိုပြီးမြန်မယ်လို့ ကရင်ပြည်သူ့ပါတီက စောမောင်တုတ်က အကြံပေးပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့သူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲဖို့လိုပြီး တကယ် နားလည်မှုရှိမှ ငြိမ်းချမ်း ရေး ရမယ်လို့ ဆိုပါတယ်။လွှတ်တော်ထဲက ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ အစိုးရဘက်က တင်ပြဆွေးနွေးတာမရှိလို့ ရေရေရာရာ မသိဘဲဖြစ်နေပြီး သူ့အနေနဲ့ တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဝေဖန်ဖို့ အချက်အလက်မပြည့်စုံဘူးလို့ လွှတ်တော်အမတ် ဦးဖြိုးဇေယျာ သော် က ပြောပါတယ်။

Tuesday, June 3, 2014

စစ်တပ်ရဲ့ လက်နက် စွန့်ခိုင်းတဲ့ မူဝါဒ အပစ်မရပ်နိုင်တဲ့ အကျပ်အတည်း ဆီသို့ ဦးတည်

ဧရာဝတီ

စစ်တပ်ရဲ့ လက်နက် စွန့်ခိုင်းတဲ့ မူဝါဒ အပစ်မရပ်နိုင်တဲ့ အကျပ်အတည်း ဆီသို့ ဦးတည်
မေခ| June 3, 2014

စစ်တပ်, တိုင်းရင်းသား, ဖက်ဒရယ် တပ်မတော်, ငြိမ်းချမ်းရေး, အပစ်အခတ်ရပ်စဲရေး, တိုက်ပွဲ, တပ်မတော်, ဖက်ဒရယ် ပြည်ထောင်စု
TNLA တပ်ဖွဲ့၏ ရှေ့တန်း စစ်မျက်နှာ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
 
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားမှာ အပစ်ရပ်ရေး ဆွေးနွေးလျက်ရှိရာမှာ အစိုးရ စစ်တပ်က အပစ်ရပ် ရေး ဆိုင်ရာ စာချုပ်မှာ လက်မှတ် ထိုးပြီးတာနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံး လက်နက်ဖြုတ်ရေး (Disarmament) ဆိုတဲ့ ဆိုတဲ့ မူဝါဒကို ထည့်သွင်းဖို့ ကြိုးစား လာတာကြောင့် အပစ်ရပ်ရေး အတား အဆီး ဖြစ်လာမယ် လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ က ပြောပါတယ်။
 
နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးမှုတွေမှာ ကျင့်သုံးလေ့ရှိတဲ့ DDR (Disarmament ၊ Demobilization ၊ Reintegration) ဆိုတဲ့ လက်နက်ဖြုတ်သိမ်းရေး ၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့် ပြုခြင်းနဲ့ အရပ်သားတွေအဖြစ် ပြန်လည် ပေါင်းစည်းရေး မူဝါဒကို အစိုးရစစ်တပ်က အပစ်ရပ်ရေး စာချုပ်မှာ ထည့်သွင်းဖို့ လုပ်လာပြီး တိုင်းရင်းသား လက်နက်ကိုင် တွေအနေနဲ့ အာမခံချက် တစုံတရာ မရှိဘဲ လက်နက်ဖြုတ်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်တာမို့ အပစ်ရပ်ရေး ဆွေးနွေးပွဲ ဆက်လက် ကြာမြင့်ဦး မယ့် အခြေအနေဆီကို ဦးတည်နေပါတယ်။
 
စစ်တပ် အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မကြာခဏဆိုသလို တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ အငြင်းပွားစေမယ့် မူဝါဒ တွေ ထည့်သွင်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရမယ် ဆိုတဲ့ မူဝါဒ ပါဝင်တဲ့ မူဝါဒ ၆ ချက် ချပြချိန် က လည်း တိုင်းရင်းသားတွေနဲ့ အစိုးရစစ်တပ်ကြားမှာ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။ အခု နောက်ဆုံး အစိုးရ စစ်တပ် ဘက်က တင်သွင်းလာ တဲ့ လက်နက် ဖြုတ်သိမ်းရေး (DDR) က တိုင်းရင်းသားတွေနဲ့ အတော်ကို အငြင်းပွား ရမယ့် အခြေ အနေ ရှိတယ်လို့ တိုင်းရင်းသားတွေက ဆိုပါတယ်။
 
စစ်တပ်က အပစ်ရပ်ရေး စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မှတ်ရေးထိုးပြီးတာနဲ့ DDR ကို အကောင် အထည် ဖော်ချင်ပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ပြီး ခိုင်မာတဲ့ အာမခံချက် တစုံတရာရရှိမှသာလျှင် DDR ကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိပါ တယ်။
 
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူး ကြီး ခွန်ဥက္ကာက “ကျနော်တို့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြီးမှ ရလာတဲ့ ရလဒ်အပေါ်မှာ အဲဒီ DDR ကိစ္စတွေကို လုပ်ချင်တယ်။ အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲတွေ မတိုင်ခင်မှာ DDR ကို လုပ်ချင်တယ်။ ဒါကလည်း လက်နက်ဖြုတ်သိမ်းခိုင်းတဲ့ သဘောဖြစ်နေတော့ အဲဒီနှစ်ခုကတော့ ပြန်ညှိ ရမယ်” လို့ဆို ပါတယ်။
 
တပ်မတော်အနေနဲ့ အပစ်ရပ်ပြီးတာနဲ့ တိုင်းရင်းသားတွေကို လက်နက်ဖြုတ်သိမ်းစေချင်က စိုးရိမ်စိတ် တွေများနေတာ ကြောင့်ဖြစ်ပြီး တိုင်းရင်းသားတွေဘက်က အပစ်ရပ်ရေး လက်မှတ်ထိုးပြီးမှ အင်အား တိုးချဲ့လာမှာကို စိုးရိမ်နေပုံရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး မဟာမိတ်ဖွဲ့ လာ တာကိုလည်း စစ်တပ်က သံသယကြီးကြီးရှိနေပါတယ်။
 
“ငြိမ်းချမ်းရေး လုပ်ငန်းတွေလုပ်ဆောင်နေစဉ်မှာပဲ လက်နက်ကိုင် မဟာမိတ်အဖွဲ့တွေထပ်ပေါ် လာတယ်။
 
နောက်ပြီး ဒီအပေါ်ကသက်ရောက်မှုက ဘယ်လောက်ထိရှိလဲဆိုတာကို သူတို့(စစ်တပ်) ဘက်ကတွေး နေကြတယ်။ တကယ်ပဲ ငြိမ်းချမ်းရေးလုပ်ပြီးရင်ကောတိုက်ပွဲတွေက ရပ်မ လားဆိုတာကို သူတို့ (စစ်တပ်) တွေးနေတယ်။နောက်ခုချိန်မှာ သိပ်အတိမ်းအစောင်း ခံလို့မရတော့ တကယ်လက်မှတ်ထိုး ချိန်မှာ သူတို့ထင် သလိုဖြစ်မလာမှာ၊ နောက်ပိုင်း ငြိမ်းချမ်းရေး ပြီးတဲ့အထိ လက်နက်ကိုင်တိုက်ပွဲ တွေဆက် ရှိနေမှာဆိုးတယ်”လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
 
လတ်တလော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပလောင်(တအာင်း) အမျိုးသားလွတ်လပ်ရေး တပ်မ တော်(TNLA) ၊ ဦးဖုန်းကြားရှင်ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ် တပ်မတော် (FUA) ဆိုပြီး ဖွဲ့စည်းလိုက်တာမို့ ဒီအဖွဲ့ ပေါ်ပေါက်လာမှုကို စစ်တပ်ဘက်က တော်တော်ကို စိုးရိမ်နေ ပါတယ်။
 
FUA အဖွဲ့ဝင် TNLA မှ ပြန်ကြားရေးဒုတာဝန်ခံ ဗိုလ်မှူး တားဖုန်းလက တိုင်းရင်းသားအဖွဲ့တွေနဲ့ မဟာမိတ် ဖွဲ့ရတာက ငြိမ်းချမ်းရေးလိုချင်လို့ ဖြစ်ပြီး ငြိမ်းချမ်းရေး အထောက်အကူပြုနိုင်အောင် ဖွဲ့စည်းတာဖြစ် တယ်လို့ ဆိုပါတယ်။
 
“တခု ပြောနိုင်တာက ကျနော်တို့ တိုင်းရင်းသား တွေက ငြိမ်းချမ်းရေးအမြန်ရချင်တယ်။ ကျနော်တို့ ရပ်တည်လို့မရအောင် အစိုးရစစ်တပ်က တပ်ရင်းပေါင်း ၅၀ကျော် ၆၀နီးနီးချထားတယ်။ အပြတ် ချေမှုန်း ရေး အနေနဲ့လာတိုက်တဲ့ သဘောလို့ ပြောလို့ ရတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ထက် စစ်ရေးနည်းအရ ဖြေရှင်းတာကို အစိုးရစစ်တပ် ဘက်က ကိုင်စွဲ ထား နေတုန်းပဲလို့ပြော နိုင်တယ်။ တိုက်ပွဲတွေဖြစ်နေတဲ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးတာမရှိဘူး။ ထိုးစစ်တွေ မရုပ်သိမ်း သေးဘဲနဲ့တော့ ကျနော်တို့လက်နက်ချဖို့မဖြစ်နိုင်ဘူး။ ဒီနှစ် ၂၀၁၄မှာပိုဆိုးလာ တယ်။ အစိုးရ စစ်တပ် အင်အားက ခုဆို ၆၀၀၀ကျော်လောက်ရှိနေတယ်။ အရင်က ၂၀၀၀လောက်ပဲ ရှိတာ။ သူတို့စိုးရိမ်မှုက သူတို့လုပ် ဆောင်တာ ကို ဖုံးကွယ် နေတယ်လို့ပဲ မြင်တယ်” လို့ ဗိုလ်မှူးတားဖုန်းလက ပြောပါတယ်။
 
အစိုးရစစ်တပ်မှ စစ်ဗိုလ်ချုပ်တဦးကတော့ သူတို့အနေနဲ့ တိုင်းရင်းသားတွေ ကို အမြစ်ပြတ်ချေမှုန်းဖို့ မရှိသလို ထိုးစစ်ဆင်ဖို့ လည်းမရှိကြောင်း၊ တပ်အင်အား တိုးခြင်းမရှိဘဲ တပ်နေရာ ရွှေ့ပြောင်းတာကို တိုင်းရင်းသားတွေဘက်က အထင်လွဲတာဖြစ်နိုင်ကြောင်းပြောဆိုပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်း သား တွေအပေါ်မှာ ယုံကြည်မှု မရှိဘူးဆိုတာ တော့ သူရဲ့ ဖြေကြားမှုတွေကို ကြည့်ရင် ပေါ် လွင်ပါတယ်။
 
တပ်မတော်ဘက်က တိုင်းရင်းသားတွေနဲ့ စိုးရိမ်မှုတွေရှိနေသလိုပဲ တိုင်းရင်းသားတွေဘက်ကလည်း စစ်တပ်ကို မယုံကြည်မှု တွေရှိနေပါတယ်။ တိုင်းရင်းသားတွေက နိုင်ငံရေးအာမခံချက်မရသေးခင် လက်နက် စွန့်ခိုင်းမှာကို အတော်ကို စိုးရိမ်နေတာမို့ ဒီစိုးရိမ်မှုက အပစ်အခတ်ရပ်စဲရေးကို ကြန့်ကြာ စေမယ့်ပုံရှိပါတယ်။
 
တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးအဖွဲ့ (NCCT)မှဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်က “တစုံတခု အာမခံ ချက် မရှိဘဲ လက်နက်ချခိုင်းတာက ကျနော်တို့မှာထိခိုက်နိုင်တယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအထိ ဆွေးနွေးမှု ပြီးတဲ့ အထိ တိုင်းရင်းသားတွေ ဘက်က လက်နက်ဆက်ကိုင်ထားမှာကို တပ်ကလည်း အရမ်းစိုးရိမ်တယ်။ ဒါကတော့သေချာညှိရမယ်”လို့ ဆိုပါတယ်။
 
နှစ်ဖက်လုံးမှာ စိုးရိမ်မှုတွေရှိနေချိန်မှာ DDR ကို အပစ်ရပ်ရေးစာချုပ်မှာ ထည့်သွင်းပြီး ဘယ်လိုအခြေ အနေမှာ DDR လုပ်မလဲဆိုတာတွေကိုတော့ နှစ်ဖက်စလုံးကြားမှာ အတော်ကိုညှိနှိုင်းရဦးမယ့် အခြေ အနေပါပဲ။ ဒါပေမယ့် စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေနဲ့ ပွင့်ပွင့် လင်းလင်း ဆွေးနွေးလာတာက ကောင်းတဲ့ အလားအလာလို့ တိုင်းရင်းသားတွေက ဆိုပါတယ်။
 
UNFC မှ ဗိုလ်မှုးကြီးခွန်ဥက္ကာက ဖက်ဒရယ်တပ်မတော်(FUA) ဖွဲ့စည်းမှုအပေါ် အစိုးရအနေနဲ့ မစိုးရိမ်ဖို့ နဲ့ အပစ် အခတ်ရပ်စဲရေး ကိုပိုအထောက်အကူပြုဖို့ အတွက် ဖွဲ့စည်းထားတာသာဖြစ်တယ်လို့ ဆိုပါ တယ်။
 
“အစိုးရအနေနဲ့ဒါကိုစိုးရိမ်စရာ မလိုဘူး။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မထိခိုက်ဘူး။ ဘာကြောင့် ဆို ငြိမ်းချမ်းရေး လုပ်တဲ့အခါ တဖွဲ့ချင်းဆီဆိုရင် ထိန်းရတာခက်မယ်။ တဖွဲ့ကဖောက်တာရှိမှာစိုးလို့ တပ်ပေါင်း စု ဖွဲ့တာပါ။ အမှန်က အားလုံးပါ ဖို့လုပ်တာ။ ဒါကငြိမ်းချမ်းရေးအတွက်စုထားတာ။ စစ်ရေးအရ ပြင်ဆင် ထားတာ။ စုပြီးဆွေးနွေးလို့ ရပ်ဆိုတာ နဲ့အကုန်ရပ်မှာ။ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီးတာနဲ့ ကျနော်တို့တွေအကုန်ရပ်မှာ။ မြောက်ဘက်မှာရှိတဲ့ တပ်တွေ အကုန်ပါမယ်။ တောင်ဘက် လည်းပါတော့ တောင်ဘက်လည်းရပ်မယ်။ စစ်ရေးအရ ပူးပေါင်းကာကွယ်တဲ့ သဘောပါ”လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုပါတယ်။
 
ဇွန်လမှာ အပစ်ရပ်ရေးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို အသေးစိတ်အတည်ပြုနိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပြီး အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ကတော့ လက်နက်စွန့်ရေးဆိုတဲ့ မူဝါဒ နဲ့ပတ်သက် တဲ့ ဆွေးနွေးမှု အတိုးအလျော့ ပေါ်မှာပဲ မူတည်နေပါတယ်။
 
မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကတော့ “တပ်ပိုင်းဆိုင်ရာ နေရာချတာကလည်း နိုင်ငံရေးဆွေးနွေးပွဲပြီးမှ နှစ်ဖက်ညှိရမှာ။ အပစ်ရပ်ရေးကလည်း သဘောတူဖို့ အချက် ၂၀ ကျော်ပဲ ကျန်တော့တယ်။ ကျနော်တို့ကတော့ ဇူလိုင်လမကုန်ခင် လက်မှတ်ထိုးနိုင်ဖို့ လုပ်နေတယ်။ ၂၀၁၄ မကုန်ခင်မှာ Political Dialogue စနိုင်ဖို့ မျှော်လင့်တယ်” လို့ဆိုပါတယ်။
 
တိုင်းရင်းသားတွေဘက်ကတော့ အစိုးရစစ်တပ်အနေနဲ့ ယုံကြည်မှုမပါတဲ့ သံသယတွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မတိုင်မီ လက်နက်ဖြုတ်ရေး ကိုသာ အတင်းအကျပ် တောင်းဆိုပြီး အပစ်ရပ်ရေးစာချုပ်မှာ ထည့်သွင်းမယ်ဆိုရင်တော့ အပစ်ရပ် ရေးသာမက ငြိမ်းချမ်းရေး ရရှိဖို့ပါ အတော်ကို အလှမ်း ဝေးနေ ဦးမယ်လို့ ဆိုကြပါတယ်။
 
 

Wednesday, May 28, 2014

အခြေခံဥပဒေ ပြင်သင့်ကြောင်း လွှတ်တော်ကော်မ တီခေါင်းဆောင် ပြောကြား




အခြေခံဥပဒေ ပြင်သင့်ကြောင်း လွှတ်တော်ကော်မ တီခေါင်းဆောင် ပြောကြား
RFA
2014-05-28
မေလ ၂၈ ရက်နေ့ မနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ သူရဦးအောင်ကို သတင်းထောက်များနဲ့ တွေ့ဆုံစဉ် Photo: Win Naung Toe/RFA
တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း ပြည်သူ့ လွှတ်တော် “တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာ - အသနားခံစာများ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေ နဲ့ တွေ့ဆုံချိန်မှာ သူရဦးအောင်ကိုက အခုလို ပြောခဲ့တာပါ။
"ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် အခု ငြိမ်းချမ်းရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေလုပ်နေတဲ့ ပထမအဆင့် အပစ်အခတ် ရပ်စဲရေး၊ ဒုတိယအဆင့် ထာဝရငြိမ်းချမ်းရေး အဆင့်နှစ်ဆင့် ရှိပါတယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့် အနေအထားကတော့ အခု အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်မှုရနေပါပြီ၊ သို့သော်လည်း ထာဝရ ငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကိုပြင်ရမှာဖြစ်ပါတယ်၊ အထူးသဖြင့် တိုင်းရင်းသား တွေက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သူတို့တည်ထောင်လိုကြတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကိုပြင်ရ မှာဖြစ်တယ်"
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူတွေသာမက တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံတကာ က တောင်းဆိုနေကြတာတွေရှိကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေ မပေါ်ပေါက်စေဖို့အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လိုအပ်ကြောင်းလည်း သူရဦးအောင်ကိုက ပြောဆို လိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ပြန်လည်စတင်ကျင်းပတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
တချိန်တည်းမှာပဲ အစိုးရက ထုတ်ပြန်လိုက်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဘာသာရေးခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို မသင်းသီရိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
 

Saturday, May 24, 2014

အပစ်ရပ်သဘောတူညီချက်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလမ်းဆုံ


မျက်မှောက်ရေးရာ / ပြည်တွင်းသတင်း သုံးသပ်ချက်
အပစ်ရပ်သဘောတူညီချက်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလမ်းဆုံ

စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ရေရှည်ခံမယ့် အပစ်ရပ်စဲရေးကို မျှော်လင့်တကြီးနဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး အားပေးထောက်ခံနေကြတဲ့ ကချင်ဒေသခံပြည်သူများ
 
VOA
ဦးစည်သူအောင်မြင့်, အင်ကြင်းနိုင်
24.05.2014 20:27
ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ အစိုးရ နဲ့ NCCT ခေါ် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား လက်နက် ကိုင် ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးပွဲ ထုံးစံအတိုင်း မေလ ၂၂ ရက်နေ့ ညမှာ ငြိမ်းချမ်းရေး ညစာစားပွဲတစ်ခု လုပ်ပါတယ်။ ပုံမှန်အားဖြင့် အစိုးရဘက်က ၀န်ကြီးတွေ၊ စစ် ဗိုလ်ချုပ်တွေ၊ လွှတ်တော် အမတ်တွေ၊ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် တွေ၊ သံတမန်တွေ၊ စီးပွားရေးသမားကြီးတွေ၊ ရန်ကုန်အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းက တာဝန်ရှိသူ တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ စုံစုံညီညီ အုန်းအုန်းကျွက်ကျွက် တက်ရောက် လေ့ရှိပေမယ့် ဒီတစ်ခေါက်တော့ တက်ရောက်သူနည်း ပြီး အတော်လေးကို ခြောက်သွေ့နေပါတယ်။ ဒါဟာ သဘာတူညီချက်တွေ ရဖို့ မနီးစပ်သေးဘူး၊ ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမယ်၊ ဒီထက်မက မကြာခင် ပဋိပက္ခ တွေ ပြန်ပြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ အရိပ်လက္ခဏာများလား ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွား ပါ့မယ်။
 
ဒေါ်အင်ကြင်းနိုင်။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခုတလော အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ်ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကိစ္စ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်း ရန်ကုန်မှာ အစိုးရနဲ့ NCCT ဆွေးနွေးပွဲတွေ လုပ်နေတုန်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကေအိုင်အေ ဘက်က ပစ်ခတ် လို့ အစိုးရ တပ်က ဒုတပ်ရင်းမှူးတစ်ယောက် ကျဆုံးခဲ့ပါတယ်။ သိပ်မကြာခင် အစိုးရတပ် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားတွေသေ၊ လက်နက်တစ်ချို့ ဆုံးရှုံးပါတယ်။ ဒီဖြစ်ရပ်အပေါ် အခြေခံ ပြီး အစိုးရ တပ်ဘက်က နယ်မြေ စိုးမိုးရေး လုပ်ပါတယ်။ အရင် တိုက်ပွဲတွေ စဖြစ်စဉ်ကာလက ဆုံးရှုံး ထားတဲ့ ကားလမ်းနှစ်လမ်းနဲ့ တရုတ် နယ်စပ်စခန်းကို ပြန်ထိမ်းချုပ်ဖို့ ကေအိုင်အေ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ပါတယ်။ ပြောရရင် တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
 
နောက် တဆက်တည်း အစိုးရစစ်တပ်တွေက ဒုက္ခသည်စခန်းတွေထဲ ၀င်ပြီး ကေအိုင်အေလို့ မသင်္ကာ သူတွေကို ရှာဖွေ ဖမ်းဆီးတာ လုပ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကချင်ပြည်နယ် ၀ိုင်းမော်- ကမ်ပိုင်တီ ကားလမ်းမှာ အစိုးရ၀န်ထမ်းတစ်ချို့ကို ကေအိုင်အေ တပ်က ဖမ်းဆီး ခေါ်ဆောင်မှုတွေ ဖြစ်ပွားပါတယ်။ နောက် မြစ်ကြီးနား- မြစ်ဆုံသွားတဲ့ ကားလမ်းတစ်လျောက် ကျေးရွာတွေက လူငယ်တွေကို ကေအိုင်အေ က ဖမ်းဆီးခေါ်ဆောင် စစ်သားစုဆောင်းတာတွေ လုပ်ပါတယ်။ အဲလို အချိန်မှာ ကေအိုင်အို ဘက်က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှု ပေါ်ပေါက်လာတာပါ။ အစိုးရဘက်ကလည်း ရန်ကုန်မှာ NCCT နဲ့ မဆွေးနွေးခင် မေလ ၁၅ ရက် မြစ်ကြီးနားမှာ တွေ့ဖို့ သဘောတူပြီး ဆွေးနွေးပွဲတွေ ကျင်းပပါတယ်။
 
ဦးစည်သူအောင်မြင့်။ ။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဆွေးနွေးပွဲကို ခါတိုင်း တက်နေ ကြ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ သွားမတက်ပါဘူး။ အတွင်းသတင်း တွေအရ ကေအိုင်အိုရဲ့ လုပ်ရပ်အပေါ် မယုံကြည်လို့၊ စိတ်ဆိုး ဒေါသထွက်လို့- လို့ ဆိုပါတယ်။ ကေအိုင်အိုဟာ မရိုးသားဘူး၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ မဖြစ်မြောက်အောင် အချိန်ဆွဲ တယ်၊ နိုင်ငံရေး အမြတ်ထုတ်တယ်၊ အစိုးရ၀န်ထမ်းတွေကို ဖမ်းဆီးတယ်၊ ပုံမှန် အစိုးရတပ် စိုးမိုး ထားတဲ့နေရာက ပြည်သူ တွေကို ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းတယ် ဆိုပြီး စိတ်ဆိုးဒေါသ ထွက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ်တွေကို မလွှတ်တော့ စစ်တပ်ဘက်က မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး အဆင့် လောက်ပဲ ပါလာပါတယ်။ ဒီလိုနဲ့ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲ ဘာမှ ထူးထူးခြားခြား တိုးတက်မှု မရှိဘဲ ပဋိပက္ခဖြေရှင်းရေး နှစ်ဘက် ညှိနှိုင်းရေး အဖွဲ့ ဖွဲ့မယ် ဆိုတာလောက်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ပြောရရင် အရင် ၂၀၁၃ ဆွေးနွေးပွဲတုန်းက ရခဲ့တဲ့ သဘောတူညီချက်တွေကို ထပ်လောင်း အတည်ပြု တာမျိုးကိုတောင် မလုပ်နိုင်ခဲ့ပါဘူး။
 
အခု မေလ ၂၂ ရက်နေ့ အစိုးရနဲ့ NCCT ဆွေးနွေးပွဲတွေလုပ်တော့လည်း အလားတူ အဖြစ်မျိုး ပြန်ပေါ် ပါတယ်။ ကေအိုင်အိုဘက်က ဗိုလ်ချုပ် ဂွမ်မော် မတက်ပါဘူး။ တတိယတန်း ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီးဆင်ဝါး အဆင့်လောက်ပဲ တက်ပါတယ်။ အရင် ဆွေးနွေးပွဲတွေတုန်းက NCCT ဘက်က ကိုယ်စားလှယ်တွေ၊ ရုံးအဖွဲ့တွေ၊ အကူတွေ အပါအ၀င် စုစုပေါင်း အယောက် ၄၀ လောက် ရန်ကုန် လာခဲ့ကြပေမယ့် အခုတစ်ခေါက် ၂၀ တောင်မပြည့်ပါဘူး။ အတော်လေးကို နည်းပါတယ်။ တိုင်းရင်း သားတွေဘက်က ပြောတာက ဒီဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ထဲ ထည့်သွင်း မယ့် အချက်တွေကို ဆွေးနွေးညှိနှိုင်းတာ၊ နည်းပညာ ကျွမ်းကျင်သူတွေက အဓိက ဖြစ်တယ်။ ဒါကြောင့် ဒီ ကိုယ်စားလှယ်တွေလောက်ပဲ တက်တာလို့ ဆိုပါတယ်။
 
ဒေါ်အင်ကြင်းနိုင်။ ။ ဒါတင်မက တိုင်းရင်းသားတွေ ဘက်က ပြောနေကြတာ- လက်ရှိ အစိုးရနဲ့ အပစ်ရပ် စာချုပ်ထဲမှာ ထည့်သွင်းမယ့် အချက်တွေကို ညှိနှိုင်းနေကြတာ မှန်တယ်၊ အစိုးရ ဘက်ကလည်း ဒီအပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ရည်မှန်းချက်ကြီးတော့ အလျော့ပေးသင့် သလောက် အလျော့ပေးနေ တာလည်း မှန်တယ်၊ ဒါပေမယ့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ NCCT သဘောတူထားတဲ့ စာချုပ်မူကြမ်းကို တကယ် အဆုံးအဖြတ်ပေးနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ အတည်ပြုချက် ယူရဦးမယ်လို့ ပြောဆိုနေကြပါပြီ။ ဒီအတွက် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တွေ တွေ့ဆုံနိုင်တဲ့ ထိပ်သီးအစည်းအဝေးပွဲကြီး တစ်ခု ကျင်းပနိုင်ရေး အစိုးရဘက်က ကူညီပေးပါဦးလို့ တောင်းဆိုနေပါတယ်။ လိုင်ဇာ အစည်းအဝေးလို၊ လော်ခီးလာ အစည်းအဝေးလိုမျိုးကို ဆိုလိုတာပါ။ ခြုံငုံပြီးပြောရရင် အစိုးရနဲ့ စစ်တပ်ဘက်က မျှော်လင့်နေသလို လာမယ့် သြဂုတ်လ နောက်ဆုံးထားပြီး တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခု လက်မှတ် ရေးထိုးနိုင်ရေး ဖြစ်မြောက်ချင်မှ ဖြစ်မြောက် မယ် ဆိုတဲ့ အရိပ်လက္ခဏာတွေ ဖြစ်ပါတယ်။
 
ဦးစည်သူအောင်မြင့်။ ။ အခြားတစ်ဖက်မှာလည်း အစိုးရနဲ့ ကေအိုင်အို ဆက်ဆံရေး မကောင်း၊ တင်းမာနေတဲ့ အနေအထားအောက်မှာ ပြဿနာ အသေးလေးလောက်ကနေစ တိုက်ပွဲကြီးတွေ အချိန်မရွေး ပြန်ဖြစ်နိုင်ပြီး လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ထိခိုက်နိုင်စရာလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြေဇာပင်ဖြစ်ရမှာက ဒီနေ့ထက်ထိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေ ရတဲ့ တိုင်းရင်းသားတွေ၊ ပြည်နယ်နဲ့ နယ်စပ်က တိုင်းရင်းသားတွေနဲ့ ပြည်မက ပြည်သူလူထု တစ်ရပ် လုံးပါ။ နှစ်ဖက် စစ်ဘုရင်တွေကတော့ အနေအစား ပျက်မှာ မဟုတ်ပါဘူး။ ဒီအတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ပြီး သေနတ်သံတွေ တိတ်ဆိတ်သွားရလေအောင်၊ ပဋိပက္ခပြဿနာတွေကို လက်နက် ကိုင်တိုက်ခိုက် တဲ့ နည်းနဲ့မဟုတ်ဘဲ စားပွဲဝိုင်းပေါ် ဖြေရှင်းတဲ့ အခြေအနေဆီ ရောက်လာအောင် နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေတင်မက တိုင်းရင်းသား ပြည်သူတွေကပါ ၀ိုင်းဝန်း တိုက်တွန်း နှိုးဆော်ကြဖို့ လိုနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Sunday, May 11, 2014

စစ်ရေး လျော့ချမှု မရှိ ပါက အပစ်အခတ် ရပ်စဲရေး အဆိုးဆုံး အခြေအနေ ရောက်မည်ကို KNPP စိုးရိမ်

စစ်ရေး လျော့ချမှု မရှိ ပါက အပစ်အခတ် ရပ်စဲရေး အဆိုးဆုံး အခြေအနေ ရောက်မည်ကို KNPP စိုးရိမ်

http://www.phophtawnews.org/burmese/
Saturday, 10 May 2014
Written by ဖြူဖြူကို

အစိုးရနှင့် ဆွေးနွေးပွဲ တစ်ခုတွင် KNPP ဒုဥက္ကဋ္ဌ ခူဦးရယ် ဆွေးနွေး နေပုံ - ဓါတ်ပုံ - (KNPP)

လက်ရှိ တိုင်းရင်းသား ဒေသ များအတွင်း အစိုးရ စစ်တပ် များမှ စစ်ဆင်ရေးများ ပြုလုပ် နေခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ရရှိ ထားပြီး ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး သည်လည်း ပျက်ပြယ် သွားနိုင်မည့် အဆိုးဆုံး အခြေအနေ ဖြစ်လာ နိုင်မည်ကို စိုးရိမ် မိကြောင်း KNPP ဒု-ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

တဖက်က အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်း နေတယ် တဖက် မှာက အစိုးရ တပ်က ထိုးစစ် ဆင်နေတယ်။ အစိုးရ တပ်တွေဘက် ထိုးစစ် ဆင်နေ တာကို မရပ်တန့်ဘူး ဆိုရင် ယုံကြည် မှုတွေ ပျက်ပြား သွားနိုင်သလို အပစ်အခတ် ရပ်စဲ ရေးလည်း ပျက်ပြား သွားနိုင်တယ်လို့ ကျနော် မြင်တယ်ဟု ခူဦးရယ်က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင် ပြည်နယ် တောင်ပိုင်း တို့၌ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင် လွတ်လပ်ရေး ပါတီ တပ်မတော် (KIA) တပ်ဖွဲ့ များနှင့် အစိုးရ တပ်တို့ ထိတွေ့ တိုက်ပွဲများ ယနေ့ ထက်တိုင် ဖြစ်ပွားလျက် ရှိပါသည်။

ယနေ့ နံနက် ၌လည်း ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ၏ တပ်ရင်း (၃၆) နှင့် အစိုးရတပ် (စိစစ်ဆဲ) တို့ တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်းနှင့် တပ်မဟာ (၄) ဘက်၌လည်း အစိုးရ၏ စစ်အင်အား အဆက် မပြတ် ဖြည့်တင်းလျက် ရှိနေကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် စစ်ရုံးချုပ်မှ အမည် မဖော်လိုသည့် အရာရှိ တဦးက ပြောသည်။

“ကျနော်တို့ ရှေ့တန်း တပ်မှူး တွေက နေပြီး အစိုးရ စစ်ဆင်ရေး လုပ်နေတဲ့ အပေါ် သည်းမခံ နိုင်တော့တဲ့ အနေအထားမျိုး ထိတောင် ရောက်လာ နေတယ်” ဟု KIA စစ်ရုံးချုပ် အရာရှိက ပြောသည်။

အစိုးရ ဘက်မှ တစ်ဖက် ၌လည်း စစ်ဆင်ရေး လုပ်နေသည့် အလားတူ လာမည့် မေလ (၁၃) ရက်နေ့၌ ကချင်လွတ်လပ်ရေး အဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ များနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့ မြစ်ကြီးနား မြို့၌ တွေ့ဆုံရန် အတွက် ပြင်ဆင်လျက် ရှိကြောင်း KIA စစ်ရုံးချုပ် အရာရှိ ကြီးမှ ဆိုပါသည်။

ပြီးခဲ့သည့် မေလ (၉) ရက်နေ့၌ နမ့်ဆမ် မြို့နယ် နမ်းမတွီနှင့် လွတ်ပိတ် ရွာကြား၌ TNLA ၏ တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် အစိုးရ တပ်မ (၇၇) တပ်ဖွဲ့ များနှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး အစိုးရ တပ်မှ ထိခိုက်မှု ရှိခဲ့ကြောင်း အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

ယခု လပိုင်း အတွင်း၌ TNLA ထိန်းချုပ် နယ်မြေတွင် မကြာခဏ ဆိုသလို တိုက်ပွဲ ဖြစ်နေသည့် အတွက် ဒေသခံ ပြည်သူများ လည်း စစ်ပြေး ဒုက္ခသည် အဖြစ် ပုန်းအောင်း နေထိုင် ကြကာ လာမည့် ဇွန်လ ကျောင်းဖွင့်ချိန် အမှီ မိမိတို့၏ သားသသီးများ ပညာ မသင်ကြား နိုင်မည်ကို စိုးရိမ် မိကြောင်း အမည် မဖော်လိုသည့် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ဖြစ်တော့ ကျမတို့ အရမ်း ဒုက္ခ ရောက်တာပဲ စီးပွားရေး လုပ်လည်း အခက်ခဲ ရှိတယ်။ သွားလာရေးလဲ အခက်ခဲ ရှိတယ်။ အခု ကျောင်းကလဲ ဖွင့်တော့မယ်ဒီလို တိုက်ပွဲတွေ ထပ်ဖြစ်ရင် ခလေးတွေကို အရင်နှစ် ကလိုပဲ ကျောင်းမပို့ နိုင်တော့ ဘူးနဲ့ တူတယ်ဟု သူမက ပြောသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ရခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီး ဌာနမှ အကြီးတန်း တာဝန် ရှိသူ တဦးက “ရှမ်းမြောက်နှင့် ကချင်ပြည်နယ် တောင်ပိုင်း တို့၌ တိုင်းရင်းသား လက်နက်ကိုင် များမှ သဘာဝ သယံ ဇာတများအား ခိုးထုတ် နေခြင်း၊ ဌာနေ ပြည်သူ များအား အဓမ္မ တပ်သားသစ် အဖြစ် စုဆောင်း ခြင်းနှင့် ဆက်ကြေး ကောက်ခြင်း တို့ကြောင့်၊ ၎င်းအား အကာအကွယ် ပေးရန် ပြည်သူ များမှ လိုလား သဖြင့် နယ်မြေ စိုးမိုးရေး စစ်ဆင်ရေး လုပ်ရခြင်း ဖြစ်ကြောင်း” ဒီမိုကရေစီ တူဒေး သတင်းစာသို့ ပြောကြား သွားခဲ့သည်။

၎င်းအစိုးရ၏ ပြောကြား ချက်မှာ အစိုးရ တပ်များမှ ဝါဒ ဖြန့်ချီရေးသာ ဖြစ်ကြောင်း UNFC တွဲဖက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက တုံ့ပြန် ပြောဆို သွားခဲ့သည်။

Sunday, March 9, 2014

အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး … ဘယ်ဟာ ပထမလဲ

အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး … ဘယ်ဟာ ပထမလဲ

တူမောင်ညို
မတ်လ ၇၊ ၂၀၁၄

 
ဒီချုပ်နဲ့ ၈၈ ငြိမ်းပွင့်တွေပြောနေတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည်မှာ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ပင်ဖြစ်သည်။ “ပုဒ်မ ၄၃၆”အားပြင်ဆင်ရာ၌ လွှတ်တော်တွင်းနည်းလမ်းသည် အဓိကဖြစ်ပြီး၊ လွှတ်တော် ပြင်ပမှ ငြိမ်းချမ်းစွာ/စည်းကမ်းသေဝပ်စွာ ပံ့ပိုးပေးရေးက လွှတ်တော်တွင်းနည်းလမ်းအတွက် အရံ၊ အထောက်အကူအခန်းကဖြစ်လိမ့်မည်ဟု တွေးထင်မိပါသည်။
 
တကယ်တော့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် ကြံ့ဖွံ့ပါတီ၏ လက်ခုပ်ထဲကအရာ ဖြစ်သည်။ ဒီအချက်ကို ပိုသေချာ အောင် ကြံ့ဖွံ့သမ္မတ( ဗိုလ်) ဦးသိန်းစိန်က မတ်လ ရေဒီယိုမိန့်ခွန်း၌ အချက် ၂ ချက်ဖြင့် သတိပေးသွားခဲ့သည်။
 
ပထမအချက် “မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်အောင် အခြေအနေ အချိန်အခါ အလိုက် လိုအပ်တဲ့ပြင်ဆင်မှုများပြုလုပ်သွားရမယ်”။
 
ဒုတိယအချက် “ဒီဥပဒေတွေကို ပြင်ဆင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေ ဘောင်ထဲ ကနေ စည်းကမ်းတကျ ကြိုးပမ်းအား ထုတ်ကြရမှာဖြစ်သလို လက်ရှိဥပဒေ မူဘောင်များကို ကျွန်တော် အပါအဝင် နိုင်ငံသားအားလုံးက အလေးထား လေးစားလိုက်နာကြရမှာ လည်းဖြစ်ပါတယ်”။
 
အချုပ်မှာ “ငါတို့ ခွင့်ပြုသလောက်ပဲပြင်ဆင်ကြ/ ငါတို့ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းကမ်းတွေနဲ့ အညီ ပြင်ဆင်ကြ” လို့ ပြောတာ ပဲဖြစ်သည်။
 
ဒီအချက်ကို အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းက အခုလို ထပ်မံဖြည့်စွက်ထားသည်။
 
“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တရားဥပဒေစိုးမိုးရေးနဲ့လည်း ဆိုင်တယ်။ တရားဥပဒေ စိုးမိုးရေး ဆိုတာ ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း လိုက်နာခြင်းကို တရားဥပဒေစိုးမိုးရေးလို့ ခေါ်တယ်။ ဒီမိုကရေစီ ဖြစ်ပေါ်ရေးမှာ တရားဥပဒေ စိုးမိုးရေးက အရေးကြီး တယ်။ တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာ ထုတ်ပြန် ထားသော ဥပဒေအဆင့်ဆင့်ကို တာဝန်ရှိသူတွေက ကြီးကြပ်ကွပ်ကဲမယ် လိုက်နာ သူက အားလုံး လိုက်နာမယ် ဒါမှ တရားဥပဒေ စိုးမိုးမှု ဖြစ်လာမယ်”။
 
ကြံ့ဖွံ့သမ္မတ (ဗိုလ်)ဦးသိန်းစိန်နဲ့ အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းတို့၏ ပြောစကားတွေဤသို့ တူညီ နေသည်မှာ သာမန်တိုက် ဆိုင်မှုမဟုတ်ပါ။ ၂၀၀၈အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းရေး နှင့်ပတ်သက် လာလျှင် သူတို့အချင်းချင်းအကြား ဘာမျှကွဲလွဲစရာ မရှိချေ။
 
အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေးအကြား၊ ကြံ့ဖွံ့သမ္မတ (ဗိုလ်)ဦးသိန်းစိန်နဲ့ အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းတို့ အကြား “ပွတ်တိုက်မှု” ဆို သည်တို့မှာ အတိုက်အခံများကို လှည့်စားမှုရန်အတွက် သူတို့အကွက်ချ ဖန်တီး ထားသည့် ပရိယာယ်ဝေဝုစ်သာလျှင်ဖြစ်သည်။
 
ဗိုလ်သိန်းစိန်က “လက်ရှိဥပဒေဘောင်ထဲကစည်းကမ်းတကျလုပ်ကြ၊ တည်ဆဲဥပဒေများကို လေးစား လိုက်နာကြ” ဟုပြောပြီး၊ ဗိုလ်ရွှေမန်း က “တရားဥပဒေ စိုးမိုးရေးဆိုတာ ထုတ်ပြန်ထားတဲ့ အမိန့် အတိုင်း လိုက်နာခြင်းကို တရားဥပဒေစိုးမိုးရေးလို့ ခေါ်တယ်” ဟု ဆိုလေ၏။
 
ကျနော်တို့ ဒီမိုကရေစီ အတိုက်အခံအများအား စစ်ဗိုလ်ဟောင်းများသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသဖြင့် ကဏ္ဍအသီးသီးမှနေ၍ သင်ခန်းစာများကို မရိုးရအောင်ပေးလျက်ရှိပါသည်။ ပေးသည့်နည်းကလည်းစုံလှသည်၊ အချို့က ကြောင်ဝမ်းနှုတ် ဆေးကျွေးထားသည့် ပျော့ပျော့နှင့် နံနံသည့် ဗိုလ်သိန်းစိန်/ ဗိုလ်ရွှေမန်း/ဗိုလ်ခင်အောင်မြင့်/ဗိုလ်စိုးသိန်း/ဗိုလ်အောင်မင်းတို့ မယ်မယ်ရရ ဖမ်းဆုပ်မရ သည့် ပြောစကားများဖြစ်သည်။ အချို့က (ဗိုလ်ဇော်မင်း၊ဗိုလ်အုန်းမြင့်၊ ဗိုလ်လှဆွေ စသည့် ) မောက်မာ ရင့်သီး ရိုင်းပြလှသော အသုံးအနှုန်းများဖြင့်။
 
ယခုအခါ တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) နှင့် ၈၈ ငြိမ်းပွင့်များ အကြား ၂ ဖက် သဘော တူညီချက် ၃ ချက်ရရှိခဲ့ သည်ဟုသိ ရသည်။ ၎င်းအချက် ၃ ချက်မှာ-
 
(က) အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်ရေး
 
(ခ) ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း(၁၂)၊ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို ပထမ ဆုံးခြေလှမ်းအဖြစ် လက်ခံသဘောတူပြီး ပူးပေါင်းဆောင်ရွက်ရေး
 
(ဂ) ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးဟူ၍ဖြစ်သည်။
 
ဤသဘောတူညီချက်များနှင့်ပတ်သက်၍ အောက်ပါမေးခွန်းတွေပေါ်လာပါသည်။
 
(က) အချက်နှင့်ပတ်သက်၍
“အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုပေါ်ပေါက်ရေး”နှင့် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”သည် မည်သည့် ကိစ္စက ပထမဖြစ်မည် နည်း။ “အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဆွေးနွေးမှု” ကို ပထမဦးစွာ ပြုလုပ် ပြီးမှ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”ကို ပြုလုပ်မည်လား သို့တည်း မဟုတ် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”ကို ပထမဦးစွာ ပြုလုပ်ပြီးမှ “အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဆွေးနွေးမှု” ကိုပြုလုပ်မည်လား။
 
“အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှု” ဆိုသည်မှာ ယခင် ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မေတ္တာရပ်ခံထားသည့် “၄ပွင့်ဆိုင်တွေ့ဆုံရေး” ကိုတိုးချဲ့ခြင်းလော သို့တည်းမဟုတ် “၄ပွင့်ဆိုင် တွေ့ဆုံရေး” ထဲသို့ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကို ပေါင်းထည့်ခြင်းလော။
 
ဒီချုပ်၏ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကြေညာချက်၌မူ “တွေ့ဆုံဆွေးနွေးခြင်းမှ အပြန်အလှန်လေးစား အသိ အမှတ်ပြုမှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ကြမည်၊သို့မှတဆင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိုရှေ့ရှုလုပ်ဆောင်နိုင်မည်၊ ထိုမှ တဆင့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တစ်မျိုး သားလုံး၏အကြပ်အတည်းများကိုဖြေရှင်းနိုင်ရန် နည်းလမ်းများ ထွက်ပေါ် လာနိုင်ပေမည်၊ ဤသို့သော အမြော်အမြင်ဖြင့် အဖွဲ့ချုပ်ဥက္ကဋ္ဌက လေးပွင့်ဆိုင်တွေ့ဆုံရေးကို လမ်းကြောင်းပေးဖော်ပြခဲ့သည်” ဟု ဖော်ပြခဲ့ပါသည်။
 
“အားလုံး”၏ အဓိပ္ပါယ်နှင့်အရေအတွက်ကို ဖွင့်ဆို/ဖော်ပြစေချင်ပါသည်။ “၂၀၀၈ အခြေခံဥပဒေ” ကို လေးစားလိုက်နာသူ၊ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲရောက်နေသူ အားလုံးလော။
 
အချက် (ခ) နှင့်ပတ်သက်၍
“ပုဒ်မ၄၃၆ပြင်ဆင်ရေး”သည် ပထမခြေလှမ်းဟုဆိုထားပါသည်။ ဤကိစ္စသည် လွှတ်တော်ထဲက ကိစ္စဖြစ်ပါသည်။ လွှတ်တော် ထဲက ကိစ္စမှန်သမျှသည် ကြံ့ဖွံ့ပါတီနှင့်စစ်သားအမတ်များ၏ အဆုံးအဖြတ် ပေါ်တွင်အဓိကတည်နေပါသည်။
 
ယင်းအတွက် ၈ပူးငြိမ်းပွင့်နှင့် SNLD တို့ကဲ့သို့ လွှတ်တော်ပြင်ပ အဖွဲ့အစည်းများ အနေဖြင့် မည်သို့ ဆောင်ရွက်ကြမည်နည်း။ ပုဒ်မ ၁၈ ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်သကဲ့သို့ ခွင့်ပြုချက်ယူ/ ခွင့်ပြုတဲ့ နေရာ တွင် ဆန္ဒပြရုံမျှဖြင့် ရနိုင်ပါမည်နည်း။
 
အချက် (ဂ) နှင့်ပတ်သက်၍
အချက် (ဂ) “ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး” ကိုမူ လောလောဆယ်အားဖြင့် အထွေအထူးပြောစရာ မရှိသေးပါ။ အဘယ့်ကြောင့်ဆိုသော် အချက် (ဂ) သည် နှိုင်းယှဉ်ခြင်းအားဖြင့် အချက် (က) (ခ) တို့ထက် ပိုမိုလေးနက် ကျယ်ပြန့်သော ကိစ္စဖြစ်ပါသည်။ ထို့အပြင် ၂၀၀၈ အခြေခံ ဥပဒေကို မဖျက်သိမ်းပဲ “ဖက်ဒရယ်ပြည်ထောင်စု” တည်ထောင်၍ မရနိုင်/မဖြစ်နိုင်သောကိစ္စ လည်း ဖြစ်ပါသည်။
 
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် လွှတ်တော်တွင်းနည်းလမ်းတစ်ခုတည်းဖြင့် ရည်ရွယ်ချက် မပေါက်မြောက်နိုင်ကြောင်း၊ အလုပ်မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရိပ်စားမိ နေပြီဟု ယူဆပါသည်။ သို့အတွက် “ပြည်သူ့အင်အားပဲသုံးမယ်” လို့ ပြောလာခြင်း၊ လက်တွေ့အားဖြင့် မြို့နယ်များတွင် တစတစပေါ်ပေါက်လာသော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲများ၊ ၈၈ ငြိမ်းပွင့် နှင့် ပူးတွဲလှုပ်ရှားလာခြင်းတို့ဖြစ်ပါလိမ့်မည်။
 
ဤခြေလှမ်းများကိုကြည့်ပြီး ဗိုလ်သိန်းစိန်နှင့်ဗိုလ်ရွှေမန်းတို့က “ဥပဒေဘောင်ထဲက စည်းကမ်းတကျ လုပ်ကြ၊ ဥပဒေကိုလေးစား လိုက်နာကြ၊ အမိန့် အတိုင်းလိုက်နာခြင်းဟာ တရားဥပဒေစိုးမိုးရေး ဖြစ်တယ်” စသဖြင့် ပညာပေး ဆုံးမစကားတွေ ပြောကြားကာ ဟန့် တားလာ ခြင်းဖြစ်မည်ဟု ထင်သည်။ ဗိုလ်လှဆွေတို့လို ရိုင်းရိုင်းရမ်းရမ်း တပည့်များမှတဆင့်လည်း ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံသုံးစွဲနေမှု၊ နိုင်ငံခြား ထောက်ပံ့ငွေ ဟူသည့်ကိစ္စများဖြင့် ရွေးကောက်ပွဲကော်မရှင်မှ အရေးယူရန် မျက်စပစ်ပြ နေခြင်းဖြစ်ပါလိမ့်မည်။
 
နိဂုံးချုပ်ရလျှင် “အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးနှင့် ပုဒ်မ၄၃၆ ပြင်ဆင်ရေး” တို့တွင် အဘယ်ကိစ္စ သည် ပထမဦးစား ပေးဖြစ်သည်ကို ကွဲကွဲပြားပြားဖော်ပြစေချင်ပါသည်။
 
တစ်စုတစ်စည်းထဲသော လူထုစွမ်းအားမပါရှိလျှင် (နဝတ-နအဖ) စစ်အစိုးရ၏ အမွေခံ ကြံ့ဖွံ့ပါတီနှင့် ကြံ့ဖွံ့အစိုးရသည် “အားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးနှင့် ပုဒ်မ၄၃၆ ပြင်ဆင်ရေး” အပါအဝင် မည်သည့်အရာကိုမျှ လိုက်လျောလိမ့်မည်မဟုတ်ပါ။
 
လူထုအကျိုးကို အမြဲမျက်နှာမူလေ့ရှိသော ဒီချုပ်နာယကကြီး ဦးဝင်းတင်က မန္တလေးလူထုမှတဆင့် တပြည်လုံး ပြည်သူလူထုကြီးထံ “ ဒီအချိုးမျိုးသာဆိုရင် တတိယ အရေးတော်ပုံကြီးပေါ်လိမ့်မယ်၊ အသင့်ပြင်ထားကြ” လို့ သတိပေးနှိုးဆော်ခဲ့ပါသည်။
 
ညွန်း
သမ္မတဦးသိန်းစိန်၊ ၁ မတ် ၂၀၁၄ မိန့်ခွန်း
ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းနှင့်မီဒီယာများတွေ့ဆုံခြင်း ၆ မတ် ၂၀၁၄၊ ဒီဗွီဘီ
ဖွဲ့စည်းပုံပူးပေါင်းပြင်ရန် တိုင်းရင်းသားအဖွဲ့၊ အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်တို့ သဘောတူ၊ ၆ မတ် ၂၀၁၄၊ ဒီဗွီဘီ
ဒီလှိုင်းစာစောင်၊ အတွဲ ၃ ၊ အမှတ် ၁၊ (၆-၁-၂၀၁၄)
ဒီလှိုင်းစာစောင်၊ အတွဲ ၃ ၊ အမှတ် ၉၊ (၃-၃-၂၀၁၄)
 
 

Friday, January 31, 2014

ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီးကို သမ္မတက ဘယ်လိုဆုံးမ မလဲ

ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီးကို သမ္မတက ဘယ်လိုဆုံးမ မလဲ
 
တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဖေဖေဝါရီ ၁ ရက်)
 
 
ဗိုလ်အုန်းမြင့်ပြောစကားတွေက ရိုင်းစိုင်းပြီး မောက်မာလှတယ်။
 
ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်တို့ရဲ့အရင်းခံသဘောထားကို ဖွင့်ဟဖော်ထုတ်ပြလိုက် တာလဲဖြစ် ပါတယ်။
 
ဗိုလ်သိန်းစိန် ပြော၊ ပြောနေတဲ့ “နိုင်ငံရေးယဉ်ကျေးမှုသစ်’’ ဆိုတာရဲ့ လက်တွေ့သဘောကို ဗိုလ်အုန်းမြင့် ပြောစကားတွေက ထင်ထင်ရှားရှားသက်သေပြသလိုက်ပါပြီ။
 
“အပြောင်းအလဲ’’ ဆိုတဲ့ တံခါးကို ဟလိုက်တော့ ရိုင်းစိုင်းမောက်မာသူတွေဟာ ပြည်ထောင်စု ဝန်ကြီးတွေ အဖြစ် ပွဲထွက်လာ ခဲ့ကြပြီး၊ တပြိုင်နက်ထဲ မြန်မာနိုင်ငံအနှံ့အပြားမှာ “လူမျိုးရေး၊ ဘာသာရေးအရေခြုံ အကြမ်းဖက်သတ်ဖြတ်မှုတွေ’’ပေါ်ပေါက်လာပါတယ်။
 
ဒီအချက်ဟာ “ယနေ့အပြောင်းအလဲ” ရဲ့ ထင်သာမြင်သာ အရှိဆုံးအချက်လည်း ဖြစ်ပါတယ်။
 
ဗိုလ်သိန်းစိန်တို့၊ ဗိုလ်ရွှေမန်းတို့က ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုရ၊ ကြံ့ဖွံ့လွှတ်တော်တို့ကို “ဗိုလ်ဇော်မင်း၊ ဗိုလ်လှဆွေ၊ ဗိုလ်အုန်းမြင့်’’ တို့လို လူစားတွေဖွဲ့စည်းထားတာပါ။
 
လျှပ်စစ်ဝန်မင်းဗိုလ်ဇော်မင်း က ဧရာဝတီမြစ်ဆုံအရေးကိစ္စနဲ့ပတ်သက်ပြီး “ဘယ်တော့မှ နောက်မဆုတ် ဘူး၊ ဆက်လုပ်မှာဖြစ် ပါတယ်”လို့မောက်မောက်မာမာပြောခဲ့သူပါ။
 
လွှတ်တော်အမတ်ဗိုလ်လှဆွေကတော့ “ဒီတိုင်းခေါ်နေတာမလာရင်၊ (ကျည်ဆံ) “ဘူးလက်” နဲ့ ခေါ်မယ်” လို့ သေနတ်စကား ပြောသူဖြစ်ပါတယ်။
 
ဗိုလ်အုန်းမြင့်ပြောစကားတွေက ပိုပြီး မောက်မာမိုက်မဲပါတယ်။ အားကိုးကြီးကြီးမားမားရှိလို့လည်း ဒီလို ပြောရဲတာပါ။
 
“ဘယ် နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး — နယ်တကာလှည့်ပါးရိုက်လာတာ — ဘယ်နိုင်ငံရေးပါတီ မှလည်း မကြောက်ဘူး၊ စော်ကားတဲ့ အကောင်တွယ်မှာဘဲ။ ပါးစပ်နဲ့တွယ်လို့ မရရင် အချုပ်ထဲ ထည့်မှာပဲ၊ တိုင်ချင်တဲ့နေရာ တိုင်လို့ရတယ်” တဲ့။
 
ယခုလို တရားမဲ့ပြီး မောက်မာစော်ကားလှတဲ့ လူရမ်းကားတွေကို “ဂျင်းတဲလ်မင်းများရဲ့ ရွှေနဲ့ထု ထားတဲ့ မူဝါဒ” နဲ့ တုန့်ပြန်လို့ အလုပ်ဖြစ်နိုင်ပါ့မလား။ သက်သက်စိတ်ကူးယဉ်သလိုများဖြစ်နေမလား။ နိုင်ငံရေး လုပ်တယ်ဆိုတာ လရောင်အောင်မှာ လမ်းလျှောက် တာ မဟုတ်သလို၊ ဇာပန်းထိုးတဲ့ အလုပ်မျိုးလည်း မဟုတ်ပါဘူး။
 
မကြာသေးခင်ကပဲ ဂျာနယ်တစ်စောင်မှာဖော်ပြခဲ့တဲ့ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ပြောတဲ့ မိန့်ခွန်း ဆိုတာကို မှတ်မိကြအုံးမှာပါ။ ကာချုပ် ကလည်းခပ်မိုက်မိုက်ပဲပြောပါတယ်။ ဗိုလ်အောင်မင်းတို့လို ထွေလီ ကာလီတွေ၊ လိမ့်လုံးပတ်လုံးတွေမပြောဘဲ။ ဒဲ့ဒိုးပြောပါတယ်။
 
“ငြိမ်းချမ်း ရေးလုပ်တယ်ဆိုတာ အာဏာခွဲဝေပေးဖို့မဟုတ်ပါဘူး”တဲ့။ မရှင်းပါလား။
 
ဒီလိုရှင်းပြတ်နေပေမယ့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက “တော်လှန်ရေး” ဆိုတဲ့ စကားလုံး နဲ့ပတ်သက်ပြီး သတ်ပုံမှားချင်နေကြတယ်။ နေရာတကာ မသုံးနဲ့လို့လည်း ပြောသံကြား ရပါတယ်။ “တော်လှန်ရေး”ဆိုတဲ့ စကားလုံးက ခြင်ထောင်ထဲမှာ သုံးရမယ့်စကားလုံးမဟုတ်တာတော့ လူတိုင်း သိကြပါတယ်။
 
တစ်ဖက်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်အောင်မင်းတို့က အပျော့ဆွဲကြောင်ချေးလုံးလေးတွေနဲ့ နှပ်ကြောင်းပေးပြီး၊ အခြားတစ်ဖက်မှာတော့ “ဗိုလ်ဇော်မင်း၊ ဗိုလ်လှဆွေ၊ ဗိုလ်အုန်းမြင့်’’ တို့လို လူရမ်းကား တွေက မောက်မာရိုင်းစိုင်းတဲ့ စကားတွေ ပြော ကြဟေ့လို့ တာဝန်ပေးစေခိုင်း ထားပုံ ပေါ်ပါတယ်။ ဒီလို အပျော့/အမာအဖြစ် တမင်ပုံဖော်နေတာကို နိုင်ငံရေးအမြင်ချိနဲ့ နုံချာသူအချို့က ကြံ့ဖွံ့ပါတီထဲက “အကွဲ” အဖြစ် ရှုမြင်သုံးသပ်နေကြပါတယ်။ သူတို့ချင်းအာဏာနှင့်ဘဏ္ဍာ စားခွက် လုကြတဲ့ အကွဲမျိုး မရှိတာ မဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ဘုံအကျိုးစီးပွားအပေါ်မှာတော့ သူတို့ဟာ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံး မည်” ဆိုတဲ့အတိုင်း ညီညွတ်လေ့ရှိကြပါ တယ်။ “၂၀၀၈ အခြေခံ ဥပဒေ” အပေါ်သူတို့ ချင်းချင်းမကွဲလွဲကြပါဘူး။ “ပုဒ်မ ၅၉ (စ)” မပြင်ဆင်ချင်ကြတဲ့ အချက်အပေါ်မှာ သူတို့ ညီ ကြပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ မိုက်ဖော်ဆိုးဘက်နောင်တော်ဖြစ်တဲ့ (တစည) ပါတီသည်ပင် “ပုဒ်မ ၅၉ (စ)”မပြင်ရေးမှာ တသဘောတည်းရှိ နေတယ်မဟုတ်ပါလား။
 
ဒါပေမယ့်တချို့ဆိုရင် ဗိုလ်အောင်မင်းလေမိပြီး နှာစေး၊ ချောင်းဆိုး ၊ အသံဝင်၊ သလိပ်ကပ် ဖြစ်နေ ကြရရှာပါတယ်။ ရောဂါ ဘယ်လောက်ထိ ကျွမ်းနေပြီလည်းဆိုရင် ဗိုလ်အောင်မင်းရဲ့ပြောစကားတွေ၊ နှုတ်ကတိတွေကို “လက်မှတ်ရေးထိုးပြီးဖြစ်သကဲ့သို့” မှတ် ယူရမယ်လို့ ဆိုပါတယ်။ သူတို့အတွက် ကုရာနတ္တိ ဆေးမရှိပါ။
 
ကျားသစ်ဟာ သူ့အရေခွံပေါ်က အစက်အပျောက်တွေကို ဖုံးကွယ်ထားလို့မရသလိုပါပဲ။ ယနေ့ ဗိုလ်ဟောင်း/ ဗိုလ်သစ် စစ်အုပ်စုတွေဟာ သူတို့ရဲ့ အကျင့်စရိုက်နဲ့ မူလဗီဇကို ဖုံးကွယ်ထားလို့ မရ ပါဘူး။ သူတို့လုယူထားတဲ့အာဏာနဲ့ဘဏ္ဍာဆိုတာကို ထိပါး လာတာနဲ့အမျှ ဟန်ဆောင်လှည့်ဖျား ဖုံးကွယ်ထားတဲ့ သူတို့ရဲ့အဆိပ်တွေ၊ အစွယ်တွေ၊ ခြေသည်းလက်သည်းတွေကို ဗြောင်ထုတ်ပြလာ မှာပါပဲဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်ထဲမှာ ဗိုလ်အုန်းမြင့်လို လူစားတွေ အများအပြားရှိပါတယ်။
 
ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီးဗိုလ်အုန်းမြင့် ကို သမ္မတ(ဗိုလ်) ဦးသိန်းစိန် ဘယ်လိုဆုံးမ မလဲ။
 
ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီး ဗိုလ်အုန်းမြင့်ကို ပြည်ထောင်စုလွှတ်တော်နယက၊ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ (ဗိုလ်) ဦးရွှေမန်းက ဘယ်လို အရေးယူမလဲ။