Pages

Tuesday, June 28, 2011

သန်းရွှေ သိန်းစိန်တို့  ထိုးစစ်ဆင်တာတွေ ဗုံးပေါက်တဲ့ကိစ္စတွေအပြင် လူမျိုးရေး ပဋိပက္ခဗုံး ဖန်တီးဖေါက်ခွဲပြီးလား။

June 27, 2011
Niknayman

ယနေ့ မနက်ပိုင်း မန္တလေး မဟာအောင်မြေမြို့နယ် ၈၇၊၈၈ ၃၈၊လမ်း ၄၀ကြားက ကျောက်ဝိုင်းမှာ တရုတ်-မြန်မာ ပဋိပက္ခဖြစ်ပွားကြောင်း သိရှိရပါတယ်။ ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်ကုန်သည် များကို လုံထိန်းရဲများက အစောင်အကြပ်ဖြင့် ခေါ်ထုတ်သွားကြောင်း၊ ကျောက်ဝိုင်း ကော်မတီရုံး ကလည်း ပြေလည်အောင် ဖြေရှင်းမှု မရှိခဲ့ကြောင်း၊ ယခုအခါမှာ ပဋိပက္ခဖြစ်ပွားရာမှာ စတင်ရန်စကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ တရုတ်ကျောက်ကုန်သည်တွေကို အာဏာရူးတွေရဲ့  လက်ပါးစေ လုံခြုံရေးရဲတွေက အကာအကွယ်ပေးထားကြောင်း သိရှိရပါတယ်။
ယခုရက်ပိုင်းမှာ တိုင်းရင်းသားအင်အားစုတွေအပေါ် ထိုးစစ်ဆင်လိုက်၊ မြို့ ကြီးတွေမှာ ဗုံးတွေပေါက် လိုက်နဲ့  ဒီနေ့ တော့ တရုတ်နဲ့  မြန်မာ ပဋိပက္ခဖြစ်တဲ့ အနေအထား ပေါ်ပေါက်လာတယ်ဆိုတော့ ရိုးသားသောဖြစ်ပျက်မှုဟုတ်မဟုတ်သုံးသပ်စရာဖြစ်လာပါတယ်။

လူမျိုးရေးအဓိကရုဏ်းဖြစ်စေ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့ မျှတမှုတွေ မရှိတာ၊ မတရား မှုတွေ ပေါ်ပေါက်နေတာ၊ ကွာဟမှုတွေ ဖြစ်နေတာက အစပျိုးပါတယ်။ ဘာလို့  လူမျိုးတစ်မျိုးနဲ့ တစ် မျိုး ဒီလိုမျိုး မမျှတမှုတွေ မတရားမှုတွေ ကွာဟမှုတွေဖြစ်ရလည်းဆိုရင်တော့ တိုင်းပြည်တစ်ပြည် အတွင်းမှာ အုပ်ချုပ်မှုစနစ်မကောင်းလို့ ၊ တရားစီရင်ရေး ဘက်လိုက်မှုတွေ ရှိလို့ ၊ စီးပွားရေးမှာ တစ် ဘက်ကို တစ်ဘက်စောင်းနင်းဖြစ်စေ အသာစီးရစေလို့ ၊ အမျိုးသားအကျိုး နိုင်ငံအကျိုးကို လူမျိုး ပေါင်းစုံ သာတူညီမျှစေရေး မဆောင်ရွက်ပေးဘဲ ကိုယ်ကျိုးချမ်းသာဖို့ အတွက်သာ ကြည့်တတ်ကြတဲ့ အုပ်ချူပ်သူလူတန်းစားနဲ့  စီးပွားရေးလောဘသမားကြီးတွေကြောင့် လူမျိုးရေးအဓိကရုဏ်းကို ဦးတည်ဖြစ်ပျက်စေပါတယ်။

နောက်အကြောင်းအရာတစ်ခုကတော့ တိုင်းပြည်ကို အုပ်ချူပ်နေတဲ့ မတရားအုပ်ချူပ်သူတွေဟာ နိုင်ငံရေးအရ အမြတ်ထုတ်ချင် အသုံးချချင် လှည့်စားချင်ရင် တိုင်းပြည်အတွင်းမှာ အဓိကရုဏ်းတွေ ဖြစ်ပေါ်အောင် ဖန်တီးလေ့ရှိကြပါတယ်။ ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်းတွေဟာ အင်မတန်ကြောက်စရာ ကောင်းလှပါတယ်။ သွေးချောင်းစီးပြီး အသက်ပေါင်းများစွာဆုံးရှုံးရုံသာမက မျိုးဆက်အဆက်ဆက်ထိပါ ထိခိုက်နစ်နာပျက်စီးကြတတ်ပါတယ်။ စစ်မက်ဖြစ်ပွားတဲ့အထိ ပြဿနာ ကြီးထွားတတ်ပါတယ်။

ဒီလို ဖြစ်အောင်ဖန်တီးတဲ့သူများဟာ ဘာကြောင့် ဘယ်လိုရည်ရွယ်ချက်နဲ့  ဘယ်လိုအချိန်မှာ ဖန်တီး လေ့ရှိကြသလည်းဆိုရင် တိုင်းပြည်တစ်ပြည်ရဲ့  နိုင်ငံရေးအခြေအနေမကောင်းရင် စီးပွားရေးအခြေ အနေမကောင်းရင် ဒီလိုပဋိပက္ခမျိုးကို ဖန်တီးတတ်ကြပါတယ်။ ထို့ အတူ တိုင်းပြည်ကို မတရား ဆက်လက်အုပ်ချူပ်နေသူတွေဟာ ၄င်းတို့  ဆက်လက်အာဏာတည်မြဲဖို့ အတွက်လည်း ဒီလို ပဋိပက္ခမျိုးကို ဖန်တီးတတ်ကြပါတယ်။ ဒီအပြင် ပြည်သူလူထုရဲ့  နိုင်ငံရေးနှိုးကြွတက်ကြွမှု အရှိန် အဟုန်မြင့်မားလာရင် လက်ရှိအခြေအနေတွေကနေ အာရုံလွဲသွားအောင် အာရုံပြောင်းတဲ့ လက်နက် အဖြစ်ဒီလိုပဋိပက္ခမျိုးကိုဖန်တီးတတ်ကြပါတယ်။

ယနေ့ မနက် ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာပဋိပက္ခဟာ စိုးရိမ်စရာပါ။ ဒီလို စိုးရိမ်စရာပဋိပက္ခတွေ ပေါ်ပေါက်နိုင်တယ်ဆိုတာ အချိန်ကြာမြင့်စွာကတည်း တစ်စစ ဖြစ်ပေါ်နေတာပါ။ တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ ဒီလိုပဋိပက္ခတွေ ဖြစ်ပွားနိုင်တယ်ဆိုတာ သိသိကြီးနဲ့  ဖြစ်အောင် ဖန်တီးပေးနေတာ ဘယ်တွေလည်းဆိုတာ အရင်းဇစ်မြစ်ကို ကြည့်ကြရပါလိမ့်မယ်။ ပဋိပက္ခတွေကို ဖြစ်ပေါ်အောင် ဖန်တီးနေတဲ့ အကြောင်းဇစ်မြစ် ဖန်တီးနေတဲ့ တရားခံတွေကို အဓိကမဖယ်ရှားနိုင်ဖူးဆိုရင် တိုင်းပြည် တစ်ပြည်မှာဒီလိုပဋိပက္ခတွေဟာတစ်ချိန်မဟုတ်တစ်ချိန်ထပ်မံဖြစ်နေမှာပါ။

ယနေ့ မနက်ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာပဋိပက္ခထက်ကြီးမားတဲ့ အဓိကရုဏ်းတွေဟာ မြန်မာနိုင်ငံ သမိုင်းမှာ တိုင်းပြည်ကို မတရားအုပ်ချူပ်နေတဲ့သူတွေ လက်ထက်မှာ ဖြစ်ပွားခဲ့ကြပါတယ်။

မြန်မာနိုင်ငံသမိုင်းကြောင်းကို ပြန်ကြည့်ရင် - ၁၉၃၁ ခုနှစ်အချိန် မြန်မာနိုင်ငံကို နယ်ချဲ့ ကိုလိုနီက မတရားအုပ်ချူပ်နေစဉ်အတွင်းမှာ လူမျိုးတစ်မျိုးအပေါ် တစ်ဘက်လိုက် အသာစီးပေးကာ မမျှမတ မတရားလုပ်ဆောင်ခဲ့ကြလို့  မြန်မာလူမျိုးတွေ မခံမရပ်နိုင်ဖြစ်နေတဲ့အပေါ် အသုံးချကာ ကိုလိုနီအ စိုးရကတရုတ်-ဗမာအဓိကရုဏ်းကိုဖန်တီးခဲ့ကြပါတယ်။

ထို့ အတူဘဲ ၁၉၆၇ ခုနှစ်အချိန် အာဏာရူးကြီး နေ၀င်းရဲ့  မဆလတစ်ပါတီအာဏာရှင် စနစ်လက် အောက်မှာ မြန်မာနိုင်ငံမှာ ဆန်စပါးရှားပါးလွန်းတဲ့အခြေအနေကြောင့် ပြည်သူလူထုက အုံကြွ ပေါက်ကွဲမှုမှာ နေ၀င်းရဲ့  လက်ပါးစေတပ်တွေက လက်ရှိအခြေအနေတွေကနေ အာရုံပြောင်း လွဲသွားအောင်ရည်ရွယ်ကာတရုတ်-ဗမာအဓိကရုဏ်းကိုဖန်တီးခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာလည်း အာဏာရူးကြီးနေ၀င်းရဲ့  မဆလအစိုးရက ဘာသာရေးအဓိကရုဏ်းတွေ လူမျိုးရေးအဓိကရုဏ်းတွေဖြစ်အောင် သွေးထိုးစမ်း ဖန်တီးမှုတွေ ရှိခဲ့ပေမယ့် ရဟန်းရှင်လူ ပြည်သူလူထုဟာ အာဏာရူးတွေ ဖန်တီး အကွက် ဆင်တဲ့ အထဲ မရောက်အောင် ၀ိုင်းဝန်းထိန်းသိမ်းခဲ့ကြကာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံရဲ့  ဘုံရန်သူ ပဋိ ပက္ခဖန်တီးသူ အဓိကတရားခံ နေ၀င်းနဲ့  အပေါင်းအပါတွေကို ဆန့် ကျင်တော်လှန် တိုက်ထုတ် ပြစ်ခဲ့ကြပါတယ်။

အလားတူ အမည်တွေ မကြာခဏပြောင်းလဲတဲ့ အာဏာရူးလက်သစ်တွေဖြစ်ကြတဲ့ န၀တ နအဖ သန်းရွှေတို့ လည်း ဘာသာရေးအဓိကရုဏ်း လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်အောင် အမျိုးမျိုး အကွက်ဆင်ဖန်တီးကြတာကိုသတိပြုမိရင်သိရှိကြမှာပါ။

ယခု လာပြန်ပြီး တရုတ်-မြန်မာ ပဋိပက္ခကို တဖြေးဖြေးနဲ့  ဖြစ်လာစေလို့ ဘဲဖြစ်ဖြစ်၊ မရိုးသားဖွယ် ရုတ်ချည်း ဖန်တီးလို့ ဘဲ ဖြစ်ဖြစ် ဒီပဋိပက္ခရဲ့  အဓိကတရားခံကတော့ ဒီလိုအခြေအနေတွေဖြစ်အောင် လုပ်ဆောင်နေတဲ့သန်းရွှေသိန်းစိန်တို့အာဏာရူးတွေပါဘဲ။

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေမှာ ပြည်တွင်းစစ်ဖြစ်အောင် ဖန်တီးမှုတွေ၊ တိုင်းပြည်တည်ငြိမ်အေး ချမ်းမှုမရှိအောင် ဖန်တီးမှုတွေ၊ ပြည်သူလူထု နေ့ စဉ်နဲ့ အမျှ ထိတ်လန့် တုန်လှုပ်နေမှု ဖြစ်နေအောင် ဖန်တီးမှုတွေ၊ ပြည်သူလူထုနဲ့  ပြည်သူလူထုခေါင်းဆောင်တွေနဲ့  ထိတွေ့ လက်ချင်းတွဲမိမှာကို မဖြစ် ပေါ်အောင် အကွက်ဆင် ဖန်တီးမှုတွေဟာ ဆက်တိုက်ဖြစ်နေတာကြောင့် ဖန်တီးနေကြ လူမျိုးရေး ပဋိပက္ခကိုလည်း အဆင်မြင့်လက်နက်သဖွယ် အသုံးချလုပ်ဆောင်သူတွေဟာ သန်းရွှေ သိန်းစိန်တို့ ရဲ့  စနက်ဖြစ်ကြောင်းအသိပေးလိုက်ရပါတယ်။

မြန်မာနိုင်ငံရဲ့  ရေမြေတောတောင်ကို မှီတင်းနေထိုင်ကြသူအားလုံး လူမျိုးရေးပဋိပက္ခများကြောင့် ဘာသာရေးပဋိပက္ခများကြောင့် ဖြစ်ပွားကြရမယ့် အသက်သွေးချောင်းစီးမှုတွေကို အဖြစ်မခံကြဖို့ နဲ့  ဒီပဋိပက္ခတွေကို ဖန်တီးနေသူ အဓိကတရားခံတွေကို ၀ိုင်းဝန်းဖယ်ရှားကြဖို့  မေတ္တာရပ်ခံတိုက်တွန်း အပ်ပါတယ်။

No comments:

Post a Comment