Pages

Wednesday, May 30, 2012

မြစ်ကြီးနားလူထု၏ သဘောထား

မြစ်ကြီးနားလူထု၏ သဘောထား
by myitkyina.blog.com on May 28, 2012


မြစ်ကြီးနား မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်း ရေး ဖေါ်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် မေလ(၂၆) ရက်နေ့တွင် မြစ်ကြီးနားမြို့ပေါ်ရှိ လူထုများ၊ တိုင်းရင်းသားယဉ်ကျေးမှု ကော်မတီ ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ ဆုံ၍ ငြိမ်းချမ်း ရေး ဖေါ်ဆောင်ရေးနှင့် ပါတ်သက်၍ ရှင်းလင်းသည့် အခမ်းအနားကို ပြုလုပ်ခဲ့ သည်။ ထိုတွေ့ဆုံသည့် အခမ်းအနားတွင် တက်ရောက်လာသော လူထုများက ကချင်ပြည်နယ်တွင် ဖြစ်ပွါး သော လက်ရှိအခြေ အနေများ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြကြောင်း သိရှိရသည်။ ပြည်တွင်း ငြိမ်းချမ်းရေး အဘယ် ကြောင့် မရရှိနိုင်ခြင်းကို အဓိကထား ရင်ဖွင့်ခဲ့ကြသည်။ ဆွေးနွေးတင်ပြ သော အကြောင်းအရာများမှ အချို့သောအနစ်ချုပ်မှာ -

(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အားနည်းချက်များစွာပါရှိသည်။ တရားမျှတမှု မရှိ။

(၂) ကချင်တိုင်းရင်းသားများအတွင်း ပါဝင်သော လူမျိုးစုများကို သွေးခွဲမှုပြုလုပ်ခြင်း၊ လီဆူ မျိုးနွယ်စု၊ ရ၀မ် မျိုးနွယ်စုတို့ကို ကချင်တိုင်းရင်းသားဝင်မှ သီးခြားခွဲထုတ်ပြီး သက်ဆိုင်ရာ မျိုးနွယ်စုရေးရာ ၀န်ကြီး သတ် မှတ်ပေးခြင်း။

(၃) ကချင်ပြည်နယ်မှ ထွက်ရှိသော ကျောက်စိမ်းများကို နေပြည်တော်သို့သာ သယ်ဆောင်သွား ခြင်း၊ ပြည်နယ်၏ ဖွံ့ဖြိုးမှုလုပ်ငန်းတွင် အသုံးချခွင့် မရှိခြင်း၊ ကချင်ပြည်နယ်မှ ကျောက် ကုန်သည်များသည် ကျောက်စိမ်းကို နေပြည်တော်မှ တဖန် ပြန်လည်ဝယ်ယူနေရခြင်း၊ စီးပွါးရေးအခွင့်အရေးများ အားလုံး ကို နေပြည်တော်နှင့် နီးစပ်ရာအသိုင်းအ၀န်းများကသာ ထိန်းချုပ်ထားခြင်း။

(၄) ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် လုပ်ပိုင်ခွင့်အာဏာ မရှိခြင်း၊ ပြည်နယ်ဝန်ကြီးသည် မူလတန်းပြ ဆရာတစ်ဦးကိုပင် အလုပ်ခန့်နိုင်သော အခွင့်အရေး မရရှိခြင်း၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်များကို နေပြည်တော်ကသာ ချုပ်ကိုင်ထားခြင်း။

(၅) ယနေ့ပြုလုပ်သော အစည်းအဝေးသည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဟူ၍ဖြစ်သော်လည်း ယခု အထိ အစိုးရ၏လုပ်ဆောင်မှုသည် ငြိမ်းချမ်းရေးနှင့် ပါတ်သက်သည့် ဆောင်ရွက်မှု စိုးစဉ်းမျှ မတွေ့ ရှိရခြင်း။

(၆) ယနေ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ရရှိရန်မှာ ပြည်သူများ၏ တာဝန်မဟုတ်၊ KIA ၏ တာဝန် လည်းမဟုတ်၊ အစိုးရ သည် ကချင်ဒေသသို့ စစ်တပ်အင်အားအလုံးအရင်းဖြင့် တပ်အင်အားတိုးချဲ့ ထိုးစစ်ဆင်မှုသည် ငြိမ်းချမ်းရေး ရရှိရန် အဟန့်အတားဖြစ်နေ၊ အစိုးရတွင် သာ လုံးဝတာဝန်ရှိခြင်း။

(၇) အစိုးရ ခေတ်အဆက်ဆက်တွင် စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းကျောင်းများ၊ အဆင့်မြင့် သင်တန်းကျောင်းသို့ တိုင်းရင်းသားများ ၀င်ခွင့်မရရှိခြင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများ အခွင့်အရေး ဆုံးရှုံးနေခြင်း။

(၈) ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်နှင့် ပြည်တွင်းစစ်ကာလတွင် ရန်ကုန်အစိုးရဟူ၍ သာ ကျန်ရှိစဉ် ကာလ၊ မြန်မာပြည် ချောက်ထဲထိုးကျမည့်အချိန်တွင် ဆမားဒူဝါဦးဆောင်သော ကချင် သေနတ်ကိုင်များ ၀င်ရောက်ကယ်တင်ခဲ့သည့် သမိုင်းကို ဖျောက်ဖျက်ထားခြင်း၊ ကချင် တိုင်းရင်းသား များသည် ပြည်ထောင်စုမြန်မာနိုင်ငံ တည်တံ့စေရေးတွက် အဓိကအခန်းကဏ္ဍ တွင် တာဝန်ယူခဲ့ သည်ကို ဖျောက်ဖျက်ခံနေရခြင်း။

(၉) နိုင်ငံအကျိုးကို အမှန်တကယ်သယ်ပိုးမည့် လူပုဂ္ဂိုလ်များအား ရွေးကောက်တင်မြှောက်ခြင်း မပြု ဘဲ၊ စီးပွါးရေးအမြတ်ရှာသူများ၊ နိုင်ငံရေးအမြတ်ထုတ်သူများ ကိုသာ ရွေးချယ်တင်မြှောက်ထား ခြင်း။

(၁၀) KIO နှင့် အစိုးရအကြား ပြဿနာကို ကိုင်သွယ်ဖြေရှင်းရန် ကြားခံအဖွဲ့အစည်း မရှိမနေ လိုအပ် နေခြင်း။

(၁၁) အစိုးရသည် တပ်အင်အားအလုံးအရင်းဖြင့် KIO ကို ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်အားလုံးနှင့် အစိုးရဌာနအားလုံး (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါ အ၀င်) ကို KIO အဖွဲ့မှ ပို့လွှတ်သော မလိရေအားလျှပ်စစ် ဓါတ်အားကိုသာ အသုံးပြုနေရ ခြင်း၊ KIO အဖွဲ့အပေါ် ထားရှိ သော လူထု၏သဘောထားကို ခန့်မှန်းသိရှိရန် လိုအပ်ခြင်း။

(၁၂) ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်ရာတွင် တိုင်းရင်းသားအရေးကို ဖယ်ရှောင်ထား၍ မဖြစ် နိုင်ခြင်း၊ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်ကို ဖျောက်ဖျက် မျက်ကွယ်ပြုလျှင် ပြည်တွင်း ငြိမ်းချမ်း ရေးကို မည်သည့်အခါမှ ရရှိရန် မဖြစ်နိုင်ခြင်း။

အထက်ပါ တင်ပြချက်ကို ဆွေးနွေးသူများထဲတွင် စစ်မှုထမ်းဟောင်းများ၊ အစိုးရ ၀န်ထမ်းဟောင်းများ၊ ဥပဒေအရာထမ်းများ၊ လက်ရှိပြည်နယ်အစိုးရ အဖွဲ့ဝင်များ ပါဝင်ကြသည်။ ဤကဲ့သို့ ရဲရဲဝံ့ဝံ့ တင်ပြမှု သည် ကချင်ပြည်နယ်အတွင်း နှစ်ပေါင်း(၅၀)ကာလအတွင်း ယခုအကြိမ်သည် ပထမဦးဆုံး ပွင့်ပွင့် လင်းလင်း တင်ပြနိုင်ခြင်းဖြစ်ပါသည်။

တင်ပြမှုပြင်းထန်သဖြင့် အခမ်းအနားမှူး ဆောင်ရွက်သူသည် တင်ပြမှုနှင့်ပါတ်သက်၍ သတိပေး ဟန့်တား မှု ပြုခဲ့သော်လည်း၊ ဦးသိန်းဇော်မှ ပွင့်ပွင့်လင်းလင်းတင်ပြရန် ပြန်လည်ခွင့်ပြုခဲ့ ကြောင်း သိရှိရသည်။


myitkyina.blog မှကူးယူဖေါ်ပြပါသည်။

OKA

No comments:

Post a Comment