ကေအိုင်အေ
ပြန်ကြားရေးမှူး ဦးလနန်နှင့် တွေ့ဆုံခြင်း
ကေအိုင်အေ ပြန်ကြားရေးမှူး ဦးလနန်
မေး - ကေအိုင်အေနဲ့
တပ်မတော်ကြား ၁၉၉၄ မှ အပစ်အခတ် ရပ်စဲလာတယ်။ ၂၀၁၁ ဇွန်မှာ တိုက်ပွဲတွေ
ပြန်ဖြစ်လာတယ်။ ဘာကြောင့်ပါလဲ။
ဖြေ - တိုက်ပွဲကတော့ ၂၀၁၁ ဇွန်လမှာ ပြန်ဖြစ်လာတယ် ဆိုပေမယ့် တချိန်ချိန်မှာ
ပြန်ဖြစ်မယ်ဆိုတဲ့ လမ်းကြောင်းကို သွားနေတယ်။ အစိုးရကနေပြီးတော့
တော်လှန်ရေးအဖွဲ့အစည်းတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ကဏ္ဍ မရှိဘဲနဲ့ စစ်ရေးနဲ့ပဲ
တော်လှန်ရေးအဖွဲ့အစည်း ကိုင်ထားတဲ့ လက်နက်ကို ဘယ်လို သိမ်းဆည်းမလဲ ဆိုတဲ့
ပုံစံနဲ့ပဲ ငြိမ်းချမ်းရေးကို ချဉ်းကပ်တယ်။ အဲဒါကြောင့်ပဲ တိုက်ပွဲတွေ ပြန်ဖြစ် ပါတယ်လို့
ပြောရမှာပါ။
မေး - အခုလောလောဆယ်ဆယ် အစိုးရနဲ့ ဆရာတို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ
ကွဲလွဲနေတဲ့ အချက်တွေက ဘယ်နှစ်ချက်လောက်ရှိပါသလဲ။
ဖြေ - အစိုးရစစ်တပ်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပြဿနာရဲ့
အကြောင်း တရားကို အဓိကမထားဘဲနဲ့ လက်နက်ကို ဘယ်လိုဖြုတ်သိမ်းမလဲဆိုတဲ့ ကိစ္စက
ပထမအချက်ပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အမြဲတမ်း ပြောနေတဲ့အချက်ကတော့
နိုင်ငံရေး ပြဿနာဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံရေးနည်းလမ်းနဲ့ မှန်မှန်ကန်ကန်
ဖြေရှင်းရမယ်ဆိုတဲ့ အချက်က အဓိကပါ။ နိုင်ငံရေးကိစ္စနဲ့ ဖြေရှင်းမယ် ဆိုတဲ့နေရာမှာ
တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ နိုင်ငံရေး ဖြေရှင်းပုံနည်းလမ်းတော့ ရှိပါတယ်။ အဓိက
ဘာလဲဆိုတော့ ၁၉၄၈ ခုနှစ်မှာ စပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ စပြီး
ပေါ်ထွန်းလာခဲ့တယ်။ အဲဒီပြည်ထောင်စုရဲ့ မူဝါဒအတိုင်း စစ်မှန်တဲ့ ပြည်ထောင်စုပုံစံ
နိုင်ငံရေးဖြေရှင်းပုံ၊ ဖြေရှင်းနည်း၊ နည်းလမ်းက အရေးကြီးတယ်ခင်ဗျ။ ဒီကိစ္စက
အဓိကကွဲလွဲချက်ပါ။ အခု အစိုးရက ဘာလဲဆိုတော့ ဥပဒေထဲကို ၀င်မယ်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအတိုင်းပဲ
နိုင်ငံရေးဆွေးနွေးမှု လုပ်ကြမယ်လို့ ရွေးစရာပါတယ်။ ဒါလည်း အဓိကွဲလွဲချက်ထဲမှာ ပါတာပါ။
မေး - ၂၀၁၁ ဇွန်လပိုင်းကနေ အခုအချိန်ထိ ဆရာတို့နဲ့ တပ်မတော်ကြားဖြစ်တဲ့
တိုက်ပွဲကြိမ်ရေ ဘယ် လောက်များ ရှိသွားပါပြီလဲ။
ဖြေ - မှတ်တမ်းယူထားတဲ့ စာရင်းအရဆိုရင် ၁,၈၂၀ ရှိသွားပါပြီ။
မေး - ဆရာတို့အနေနဲ့ ပြည်ထောင်စုအဆင့် ၃ ကြိမ်၊ ပြည်နယ်အဆင့် ၃ ကြိမ်၊
အလွတ်သဘော ၄ ကြိမ် ဆွေးနွေးခဲ့တဲ့အထဲမှာ တူညီချက်ရတဲ့ အချက်တွေ ဘာတွေရှိပါပြီလဲ။
ဖြေ - တွေ့ဆုံမှုကတော့ ၉ ကြိမ်လောက် ရှိပါပြီ။ အခု ကျနော်တို့ရှိတဲ့
နေရာမှာလည်း ပြည်နယ်အဆင့် ဗိုလ်မှူးကြီးသန်းအောင်အဖွဲ့နဲ့ တွေ့တယ်။ ဦးအောင်သောင်း
ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့တယ်။ နောက်ပိုင်း ဦးအောင်မင်းနဲ့ အလုပ်သဘော
တွေ့တာမျိုးရှိတယ်။ ဒီတွေ့ဆုံမှုအပေါ်မှာတော့ အားလုံး က ပြေပြေလည် လည်
နှစ်ဦးနှစ်ဘက်အနေနဲ့ အမြင်ဖလှယ်တာမျိုး ရှိခဲ့ကြတာပေါ့။ တပ်ပိုင်းဆိုင်ရာ တွေကိစ္စနဲ့
ပတ်သက်ပြီး တော့ ပြောဆိုလာတဲ့အခါမှာတော့ ရောက်လာတဲ့ ကိုယ်စားလှယ် ကနေပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်၊
ကတိပေး ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ ပါမလာဘူး။
မေး - ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်သော် ပြောသွားတာက အခု
ကချင်ပြည်နယ် မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာဟာ ကေအိုင်အေက အပစ်အခတ်ရပ်စဲရေးကို
မဆွေးနွေးဘဲ နိုင်ငံရေး အရ ဆွေးနွေးမယ်ဆိုတဲ့ အချက်ကို ဆုပ်ကိုင်ထားလို့ လို့
ပြောပါတယ်။ ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။
ဖြေ - ဒါဟာ ကေအိုင်အိုအဖွဲ့အစည်းကို အစိုးရဘက်ကနေပြီးတော့ ပေးထားတဲ့ သင်ခန်းစာအရ
ပြောဆို မှုပါ။ ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ နှစ်ဦးနှစ်ဘက် သဘောတူချက်တွေ
နိုင်ငံရေးအဆင့်ကို သွားကြမယ် ဆိုပြီးတော့ ကတိတွေပေးကြတယ်။ နှစ်ပေါင်း ၁၀
နှစ်ကျော် လုပ်လာတဲ့အခါမှာ နောက်ဆုံး ကျတော့ နိုင်ငံရေးရပ်ဝန်းကို ရောက်မလာဘဲနဲ့
ကေအိုင်အိုမှာရှိတဲ့ ကေအိုင်အေတပ်ကို ဘယ်လိုဖျက်သိမ်း မလဲဆိုတဲ့ အပိုင်းကို
ရောက်လာပြီ။ ကျနော်တို့ ပြန်ပြောတဲ့ ကိစ္စက အပစ်အခတ်ရပ်စဲရေးကို ၁၀ နှစ်ကျော်
လုပ်ခဲ့ဖူးတယ်။ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ကိစ္စမှာ ဒေသဖွံ့ဖြိုးရေးဆိုတဲ့
ခေါင်းစဉ်တခုနဲ့ပဲ လက်နက်ကိုင် အဖွဲ့အစည်းကို နိုင်ငံရေးသိက္ခာ ပျက်ပြယ်သွား အောင်
လုပ်ထားတာမျိုး ရှိခဲ့တယ်။ အပစ်အခတ် ရပ်စဲရေး ဆိုတာဟာ ပစ်ခတ်မှုဟာ အဓိက မဟုတ်ပါ ဘူး။
အဓိက ကတော့ နိုင်ငံရေးလမ်းကြောင်းကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ အဓိက ဆွေးနွေးကြဖို့
ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုကို ဆွေးနွေးမှု အဆင့်ဆင့် အတိုင်း အကောင်းဘက်ကို
သွားမယ် ဆိုရင် ဒီရှေ့တန်းမှာဖြစ်တဲ့ ပစ်တာခတ်တာတွေဟာ သူ့ဟာသူ ပျက်ပြယ်သွားမှာပါ။
အမှန်တကယ် လည်း ဒီပြဿနာဟာ နိုင်ငံရေးပြဿနာ ဖြစ်ပါတယ်။ စားပွဲပေါ်မှာပဲ
ဖြေရှင်းလို့ရတဲ့ကိစ္စပါ။ စစ်မြေပြင် မှာ ဒီကိစ္စဟာ ဖြေရှင်းလို့ရတဲ့
ကိစ္စမဟုတ်ပါဘူး။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး လမ်းကြောင်းကို
မှန်မှန်ကန်ကန် ရောက်အောင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့အတိုင်း ဆွေးနွေး မှုလမ်းကို
ရောက်အောင် ဖော်ဆောင်ပေးဖို့ လိုတယ်။ အဲဒီလို ဖော်ဆောင်တဲ့အခါမှာ အပစ်အခတ်
ရပ်စဲရေးကိစ္စဟာ လက်မှတ်ထိုးစရာ မလိုဘဲနဲ့ သူ့ဟာသူ ပြေငြိမ်းသွား မယ့်ကိစ္စပါ။
ကျနော်တို့လည်း အဲဒီလမ်းကြောင်းအတိုင်း သွားတာပါ။ ဒီလမ်းကြောင်းကို
သွားရတဲ့ကိစ္စ ကလည်း ၉၄ ကနေ ၂၀၁၀ ခုနှစ်အထိ ရထားတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေက
သင်ခန်းစာပေးသွား တာပါ။
မေး - ခါးသီးတဲ့ အတွေ့အကြုံဆိုတာ ဘာတွေပါလဲ။
ဖြေ - အများကြီးရှိပါတယ်။ ၉၄-၉၅ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း နိုင်ငံရေးအရ
အပြောအဆို လုပ်တယ်။ နောင်အရပ်သားစစ်အစိုးရ တက်လာတဲ့အခါမှ ပြောဆိုကြပါ။ အစီရင်ခံစာက
ကျနော်တို့ ဘက်ကို အင်လွှတ်တာမျိုး ရှိခဲ့တယ်။ ဒါကြောင့်မို့ အမျိုးသားညီလာခံမှာ
တိုင်းရင်းသားတွေ အားလုံး ကိုယ်စားအနေနဲ့ စစ်မှန်တဲ့ အခြေခံဥပဒေ
ဖယ်ဒရယ်ပုံစံပေါ်လာအောင် စာတမ်းတွေ အများကြီး တင်ခဲ့တယ်။ အဲဒီတုန်းက
အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌဟာလည်း အခုလက်ရှိ သမ္မတ ဦးသိန်းစိန်
ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ တင်ပြခဲ့တဲ့အဆိုတွေ၊ ဥပမာ - တရားဝင်
အသိအမှတ်ပြု လက်ခံတာမျိုး မလုပ်ဘဲနဲ့ အားလုံးပယ်ချခံရတယ်။ ဒါတွေဟာ ဘာလဲဆိုတော့
တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးအပိုင်း အခွင့်အရေးတွေကို
ဥပေက္ခာပြုတဲ့ကိစ္စဖြစ်တယ်။ အဲဒီ ကာလအတွင်းမှာ ကေအိုင်အေတပ်စခန်းတွေ တည်ရှိရာ
နေရာတွေမှာ စစ်တပ်က စခန်းတွေ အများကြီး တိုးချဲ့လာခဲ့တယ်။ နယ်မြေစိုးမိုးရေးကို
တနှစ်ကျော်ကာလအတွင်းမှာ လုပ်ခဲ့တယ်။ အဲဒီကာလ ၉၄-၂၀၁၀ အတွင်းမှာလည်း ကျနော်တို့ရဲ့
တပ်စခန်းတွေကို ၀င်စီးပြီးမှ သတ်ဖြတ်ပစ်ခတ် တာမျိုး လုပ်ခဲ့ဖူးတယ်။ နောက်ဆုံးကျတော့
နိုင်ငံရေးဆိုတဲ့ ဝေါဟာရ မသုံးဘဲ အစိုးသစ်မပေါ်ခင် ၂၀၀၉ ခုနှစ်မှာ ကျနော်တို့ဘက်ကို
လက်နက်ကိုင်တွေ ပုံစံပြောင်းသွားအောင် နယ်ခြားစောင့်အသွင် ပြောင်းဖို့
လှုပ်ရှားပေးလာတယ်။ ဒါတွေဟာ နိုင်ငံရေးအရ ဖြေရှင်းပုံမဟုတ်ဘဲနဲ့ နယ်မြေစိုးမိုးရေး၊
စစ်အာဏာရှင် လက်နက်အားကိုးပြီးမှပဲ နေရာဒေသကို စိုးမိုးနိုင်ရေး အဲဒီလို
ချဉ်းကပ်ခဲ့တာဟာ ခါးသီးတဲ့ အတွေ့အကြုံတွေပါ။
မေး - လက်ရှိ သမ္မတက ကချင်စစ်ပွဲများ ရပ်တန့်သွားအောင် ကေအိုင်အေဘက်ကလည်း ပစ်ခတ်၊
တိုက်ခိုက်မှုများကို တားဆီးတဲ့အမိန့်တွေ ထုတ်ပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာ
ရှိပါတယ်။ ဆရာတို့အမြင်ကရော ဘယ်လိုရှိပါသလဲ။
ဖြေ - ဒါဟာ ပြဿနာရဲ့ ဖြေရှင်းပုံ မဟုတ်ဘူး။ ရှောင်လွဲလိုတဲ့ကိစ္စပါ။ အဲဒီလို
ရှောင်လွဲတဲ့ အကျင့် တွေကို ဆယ်စုနှစ်တခုကျော် အစိုးရဘက်က
လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ပြည်တွင်းစစ်ဟာ ဘယ်တော့မှ
ငြိမ်းအေးသွားတာမျိုးမရှိဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်ရုံနဲ့ မြန်မာနိုင်ငံဟာ
တည်ငြိမ် သွားဖို့ဆိုတာ အကြောင်းတရား မညီပါဘူး။ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ
ဆိုတဲ့ကိစ္စက အရေး ကြီးတဲ့ကိစ္စပါ။ အစိုးရက အပစ်အခတ်ကို မလုပ်ပါဘူးဆိုတဲ့
နောက်ပိုင်းမှာလည်း ကချင်ဒေသမှာ ထိုးစစ် အများကြီးဆင်ခဲ့တယ်။ ကေအိုင်အေတပ်စခန်း
တော်တော်များများကို သိမ်းပိုက်လိုက်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ - ၎
ဒေသမှာလည်း အားလုံးကို ရှင်းပစ်လိုက်တယ်။ ဇန်န၀ါရီလ၊ ဖေဖော်ဝါရီလ အတောအတွင်းမှာ
တပ်မဟာ ၃ ဒေသမှာရော၊ တပ်မဟာ ၅ ဒေသမှာရာ နောက်ဆုံး ဇူလိုင်လအထိ ကေအိုင်အေရဲ့
ရှေ့တန်းစခန်းတွေကို သိမ်းပိုက်လိုက်တယ်။ အပစ်အခတ် ရပ်စဲရေးကို ရပ်တန့်မယ်ဆိုတာ
သံတမန်နည်းလမ်းအရ ပြောတဲ့ စကားရပ်တွေပါ။ ရှေ့တန်းမှာ ဖြစ်ပျက်နေတာက
အဲဒီလိုမဟုတ်ဘူး။ အမြဲတမ်း ပစ်ခတ်မှုလုပ်နေကြတဲ့ ကေအိုင်အေတပ်စခန်းတွေကို
နေ့စဉ်နဲ့အမျှ ချဉ်းနင်းဖယ်ရှားသွားရမယ် ဆိုတဲ့ အထက်က ညွှန်ကြားချက်တွေဟာ အမြဲတမ်း
ပို့လွှတ်နေတာပါ။ ရှေ့တန်းမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို နိုင်ငံထိပ်ပိုင်းမှာ
တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေကလည်း သိရှိဖို့တော့ လိုပါတယ်။
မေး - ကေအိုင်အေတပ်စခန်းတွေကို သိမ်းပိုက်လိုက်တာ ဘယ်နေရာတွေမှာ ဖြစ်နေတာလဲ။ စခန်း
ဘယ်နှခုလောက်ရှိပြီလဲ။
ဖြေ - အရေအတွက်နဲ့ ပြောမယ်ဆိုရင် တော်တော်များပါတယ်။ ဇူလိုင်လအတွင်းမှာပဲ တပ်မဟာ ၅
အဆွယ် မှာရှိတဲ့ ခေါ်ဘွမ်း ဆိုတဲ့ စခန်းကို အင်အား ၂၀၀ လောက်နဲ့ သိမ်းလိုက်တယ်။ ၁၂၀
မမ အမြောက်တွေ ထားဖို့ ညွှန်ကြားတာရှိတယ်။ အဲဒီစခန်းဟာ ကျနော်တို့ လိုင်ဇာနဲ့
ခုနစ်မိုင်လောက်ပဲ ဝေးတယ်။ နောက်ပြီးတော့ တပ်မဟာ ၃ ဒေသမှာရာ ကျနော်တို့စခန်းတွေကို
ဝင်စီးတာ ရှိတယ်။ တပ်မဟာ ၄ မှာလည်း အတော်များများ ရှိတယ်။ ကျနော်တို့စခန်းနဲ့
အနီးဆုံးနေရာမှာ တပ်အင်အား တွေကို ဖြည့်တင်းထားတာမျိုး ဆက်တိုက်လုပ်နေတယ်။
မေး - မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ အရင်ဆုံး ကန့်ကွက်ခဲ့တာ ဆရာတို့
အဖွဲ့အစည်းလို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ ဆရာတို့အဖွဲ့တွေရဲ့
လှုပ်ရှားမှုနည်းသွားတယ်လို့ ထင်ပါတယ်။
ဖြေ - မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ မဆောက်သင့်တဲ့အကြောင်းကို သူတို့တတွေရဲ့
လက်မှတ် တွေကို နယကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့တာမျိုး ရှိခဲ့တယ်။
တရုတ်အစိုးရကိုလည်း လူထုတွေရဲ့ ကန့်ကွက်စာ ပေးပို့တာမျိုး ရှိခဲ့တယ်။ အဲဒီကိစ္စမှာ
လူထုတွေကို ၀ိုင်းပြီး ကန့်ကွက်ကြဖို့ ဆော်သြတာမျိုး မလုပ်ခဲ့ပါဘူး။ ကေအိုင်အိုမှာ
တပ်ဖွဲ့ပေါ်လစီအရပါ။ ဒီလိုစီမံကိန်းမျိုးကို ဆော်သြပြီး ၀ိုင်းဝန်းကန့်ကွက်ကြပါ
ဆိုတဲ့ဟာမျိုး လုပ်မှာမဟုတ်ပါဘူး။ တရားဝင် ပုံစံနဲ့ပဲ ချဉ်းကပ်မှာပါ။
မေး - မြစ်ဆုံစီမံကိန်း ရပ်တာ တနှစ်ပြည့်သွားပါပြီ။ ၂၀၁၅ ကျရင် မြစ်ဆုံဟာ
အပေါင်းထွက်မလား၊ အနုတ်ထွက်မလားဆိုတာ ကျနော်တို့ မသိခဲ့ရပါဘူး။ ဆရာတို့အဖွဲ့ရဲ့
အမြင်ကိုလည်း သိပါရစေ။
ဖြေ - စီမံကိန်းအတွက် သဘောတူညီထားကြတဲ့ အစိုးရနဲ့ စီမံကိန်းကို အမှန်တကယ်
လုပ်မယ့် စီပီအိုင်ကုမ္ပဏီတို့ကြားမှာ ဘယ်လိုသဘောတူညီချက်မျိုးတွေ
ရထားတယ်ဆိုတဲ့အချက်က အဓိက အရေးကြီးပါလိမ့်မယ်။ မြန်မာနိုင်ငံလူထုရဲ့ အင်အားဟာ
ဘယ်လောက်အထိ ဒီဆန္ဒကို ခိုင်ခိုင်မာမာ စွဲကိုင်ထားနိုင်မလဲ ဆိုတဲ့ကိစ္စလည်း
အဲဒီအပေါ်မှာ မူတည်ပါတယ်။ ကချင်လူထုကတော့ ရာသက်ပန် ကန့်ကွက်ကြမှာပါ။
မေး - နောက်ထပ် ဘာပြောစရာ ရှိပါသေးသလဲ။
ဖြေ - ပြည်တွင်းမှာဖြစ်နေတဲ့ ဆယ်စုနှစ်ချီတဲ့ ပြည်တွင်းစစ်တွေဟာ
နိုင်ငံရေးပြဿနာလို့ပဲ ပြောလို့ ရတယ်။ တိုင်းရင်းသားတွေ ကိစ္စဟာလည်း
နိုင်ငံရေးပြဿနာပါ။ စစ်မှန်တဲ့ ပြည်ထောင်စုကို ၀ိုင်းပြီး တည်ဆောက်ကြပါစို့
ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ကနေပြီးတော့ စည်းရုံးရေးလုပ် တယ်။
တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို ယုံကြည်ပြီးမှ
စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းလာဖို့ ၀ိုင်းဝန်းကြိုးပမ်းပြီးမှပဲ သဘောတူညီချက်
ထုတ်လိုက် ကြတယ်။ ဒီသဘောတူညီချက်ကြောင့်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး
ပေါ်ထွန်း လာခဲ့တယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ ၁၉၄၇
ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာလည်း ပြည်ထောင်စုစစ်စစ်မူ မဟုတ်ခဲ့ပါဘူး။
ပြည်ထောင်စုအစစ်ပုံစံနဲ့ လုပ်ခဲ့တယ်။ ဒါဟာ ပြည်တွင်းစစ် ပေါ်ပေါက်လာမယ့်
မျိုးစေ့ကြီးပါ။ ပြဿနာတွေ ပြန်ဖြေရှင်းဖို့ဆိုရင် ပြဿနာ တွေရဲ့ အဆုံးမှာဖြစ်တဲ့
တိုက်ပွဲကိုပဲ မီးမောင်းထိုးတာမျိုးမလုပ်ဘဲ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေး
ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ။ နိုင်ငံရေးပြဿနာ ဖြေရှင်းတဲ့အခါမှာ အစိုးရဘက်က
လိုလား နေတဲ့ ပုံစံတခုနဲ့ပဲ သွားမလား။ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ အသံကိုပဲ
နားထောင်ရမလားဆိုတဲ့ ကိစ္စအပေါ်မှာ တာဝန်ရှိတဲ့ အစိုးရတွေကနေပြီးတော့
စဉ်းစားဆုံးဖြတ်ရမယ့် အချက်တခုရှိတယ်။ အခုထိ အစိုးရဟာ ပြဿနာကို
နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမယ်။ စစ်မှန်တဲ့ ပြည်ထောင်စုနဲ့ သွားကြမယ်ဆိုတဲ့
စဉ်းစားချက်တွေ ပြောဆိုချက်တွေ တခုမှ မကြားရသေးဘူး။ ဒါဟာ ဘာလဲဆိုတော့
သူတို့မူထဲမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုမူနဲ့
ဖြေရှင်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မရှိသရွေ့တော့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးအစစ်ကို
တက်လှမ်းနိုင်မှာ မဟုတ်ဘူး။
LWIN PWIN
No comments:
Post a Comment