ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း
Written by Min Htet San၊ Interview from :
The Voice Weekly
အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ
တနှစ်နှင့် သုံးလ ကျော်ခဲ့ပြီဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေး
ညှိနှိုင်းမှုများ ပြုလုပ်နေသော် လည်း အဆင်မပြေသေးပေ။ လတ်တလော အနေအထားတွင်လည်း
တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသော ကြောင့် ယင်းတိုက်ပွဲအခြေအနေများနှင့်
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရသည့် အခြေအနေများကို ကချင်လွတ်လပ်ရေးတပ်မတော်
(ကေအိုင်အေ) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် The Voice Weekly တို့
တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice : အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်နေတာ
တနှစ်ကျော်နေပြီ။ တချို့ကလည်း ခုဖြစ်နေတဲ့ တိုက်ပွဲက ခွဲထွက်ရေးအတွက်
တိုက်နေတယ်လို့လည်း ပြောကြပါတယ်။ ကျနော်တို့ နားလည်ထား တာက
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းတယ်လို့ ကြားထားပါတယ်။ အဲဒီအပေါ်မှာ တိကျတဲ့ သဘော ထားကို
ပြောပြပေးပါခင်ဗျ။
GGM : ကချင်တွေရဲ့စိတ်ထဲမှာ
ပြည်ထောင်စုမြန်မာနိုင်ငံလို့ ပေါ်ထွက်လာအောင် အစကတည်းက ကြိုးစားတဲ့နေရာမှာ
ကချင်တွေ ပါခဲ့ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုကနေ ခွဲထွက်ရေးလို့ ပြောတဲ့ အထဲမှာ
ကချင် မပါဘူး။ ဦးအောင်မင်းကိုလည်း ပြောခဲ့တယ်။ ပြည်ထောင်စု ဆိုတဲ့ စကားကို ကျနော် တို့
ပြောခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ၊ သိပ်ပင်ပန်းနေပြီလို့ နောက်ခဲ့သေးတယ်။
ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ ပြောလိုက်ရင် ပြည်ထောင်စု
ခွဲထွက်ရေးလို့ နားလည်ကြတယ်။ ဒါက ကချင် တွေ ရဲ့ Concept ပဲ။ ခု ပြောနေကြတာလည်း
ပြည်ထောင်စုအရေးပဲ။ ကေအိုင်အိုက ဘယ်လောက် တောင် ရှင်းရှင်းလင်းလင်း
လုပ်ခဲ့သလဲဆိုရင် ၁၉၈၁ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းနဲ့ တွေ့တဲ့အခါ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို
လက်ခံမယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး။ ဒီမှာ မူထိတယ် ဆိုပြီး စေ့စပ် ကြောင်းလမ်းရေး
ပျက်ခဲ့တာ ဒီနေ့ထိပဲ။ ၁၉၉၄ တုန်းက အပစ်အခတ်ရပ်စဲရေး စေ့စပ်ပွဲလုပ်တယ်။
နိုင်ငံထဲမှာ အခြေခံဥပဒေတရပ် ပေါ်ထွက်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ ပါဝင်ခဲ့တယ်။
အဲဒီမှာ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောရင် လက်မခံခဲ့ဘူး။ အစိုးရနဲ့ လုပ်။
သူတို့က အာဏာသိမ်းထားတဲ့ တပ်မတော်အစိုးရလို့ ပြောတယ်။ ၂၀၀၈ ကုန်ခါနီးမှာ
အသွင်ကူးပြောင်းရေးအတွက် နယ်ခြားစောင့် တပ် ဖွဲ့ဖို့ ပြောတယ်။ အသွင်ကူးပြောင်းရေး
ဆိုတာက နိုင်ငံရေးဝေါဟာရ ဖြစ်တယ်။ အသွင်ကူး ပြောင်းရေးနဲ့ Road Map က ဘယ်လို
ချိတ်ဆက်မှု ရှိသလဲ မေးတော့ မရှိဘူးလို့ ပြောတယ်။ နယ်ခြား စောင့်တပ်ဆိုတာ
နိုင်ငံတော်စီမံကိန်းဆိုတာ သဘောပေါက်တယ်။ ဒါပေမယ့် နိုင်ငံတော်က ကေအိုင် အေ တပ်
တခုတည်းကို ပြောနေတာ။ ကေအိုင်အိုမှာ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး ...
အစရှိတဲ့ ဌာန ၁၀ ခု ရှိတယ်။ ကေအိုင်အေဆိုတဲ့ စစ်တပ်က ကေအိုင်အိုရဲ့
အဖွဲ့အစည်းတခုပဲ။ တပ်တခုတည်းကို မပြောဘဲနဲ့ တဖွဲ့လုံးကိစ္စ ပြောပါ။ ဘယ်လောက်ထိ
ညှိခဲ့လဲဆိုရင် ပူးပေါင်းလို့ရတာ ပူးပေါင်းမယ်။ ဥပမာ - ကျန်းမာရေး၊
ပညာရေးကဏ္ဍတွေပေါ့။ နောက် ကေအိုင်အေကို နယ်ခြားစောင့် တပ် ပေးရင် ဘယ်လောက်ပေးမလဲ
မေးတော့ မသိဘူးတဲ့။ ကျန်းမာရေး မကောင်းတဲ့သူနဲ့ အသက် ၁၀ နှစ်ကျော်ကို ဖယ်လိုက်ရင်
တပ်ရင်း ၃၀ ရနိုင်တယ်၊ ပေးမလား ဆိုတော့လည်း မဖြစ်ဘူးတဲ့။ ဒါနဲ့ နယ်ခြားစောင့်တပ်
ဖွဲ့စည်းရေးက ပြီးသွားပြီ။ အဲဒီနောက်မှာ ဦးသန်းရွှေ (အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်၊
ဗိုလ်ချုပ်မှူးကြီးဟောင်း) ဆီကို လိပ်မူပြီးတော့ ကေအိုင်အိုက စာပို့ခဲ့တယ်။
ပြည်ထောင်စု စကတည်းက ကချင်လူမျိုးတွေ ပါခဲ့ပါတယ်။ ပြည်ထောင်စုထဲ တန်းတူရေး
ရချင်ပါတယ်။ တပ်မတော် မှာ ဦးစီးချုပ် တယောက်တည်း ထားမယ်ဆိုလည်း လက်ခံမယ်။ ပြည်ထောင်စုတပ်မတော်
ဖွဲ့စည်းပေး ပါ။ အဲဒီလို ဖွဲ့ရင် ကျနော်တို့ တပ်တွေကို ပြင်ဆင်ဖွဲ့စည်းသွားမယ်။
နိုင်ငံတော်တောင်မှ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်သေးတယ်။ ဘာလို့
ပြည်ထောင်စုတပ်မတော်လို့ မရနိုင်ရမှာလဲ။ ဒါ ကျနော်တို့ရဲ့ သဘောထားပါ။
Voice : ဟုတ်ကဲ့။ တိုက်ပွဲတွေ စဖြစ်ခဲ့တည်းက
ညှိနှိုင်းနိုင်ခဲ့ရင် ခုလိုအခြေအနေမျိုး ဖြစ်မှာမဟုတ်ဘူး လို့ လေ့လာသူတွေက
သုံးသပ်တယ်။ ဗိုလ်ချုပ်တို့ ဘာကြောင့် မညှိနှိုင်းနိုင်ခဲ့တာလဲခင်ဗျ။
GGM : တိုက်ပွဲတွေ မနှစ်က ဇွန်လ ၉ ရက်မှာ
စဖြစ်တာနဲ့ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီထိ ကျွန်တော် တို့ဘက်က တိုက်မိန့် မပေးသေးဘူး။
ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့နဲ့ ဆွေးနွေးနေ တုန်း။ ကြာရင် မလိုလားအပ်တာ
များလာမယ်။ ဒါကြောင့် ဒီတိုက်ပွဲ အမြန်ရပ်ဖို့ သူတို့ သမ္မတဆီ တင်ပြမယ်ဆိုတော့
သဘောတူတယ်။ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီအထိ စောင့်တယ်၊ သဘောတူညီ မှု မရခဲ့ဘူး။
ဒါကြောင့် ၁၄ ရက်နေ့က စပြီး ကျနော်တို့ကလည်း တိုက်မိန့်ပေးလိုက်တယ်။ ဆွေးနွေးပွဲ တွေ
စလုပ်ကတည်းက တိုက်ပွဲတွေ စဖြစ်တာပဲ။ အပစ်အခတ် ရပ်ဖို့အတွက် လက်မှတ်ထိုးရအောင်လို့
ပြောတယ်။ တခြားနိုင်ငံတခုကို သက်သေထားပြီး လုပ်ပေးပါ ပြောရင်လည်း အစိုးရက
သိက္ခာရှိသေး တဲ့အတွက် နိုင်ငံတကာမပါနဲ့၊ ပြည်တွင်း ပြဿနာပဲတဲ့။ ဒါဆို ကတိတခုပေးပါ။
အစိုးရက နိုင်ငံအတွင်း မှာရှိတဲ့ တိုက်ပွဲတွေအားလုံး ရပ်ပြီးတော့ နိုင်ငံရေးအရ
ဆွေးနွေးမယ်ဆိုတာကို ၁၅ ရက်အတွင်း ကြေညာပေးပါ။ ဒါလည်း မဖြစ်နိုင်ဘူးဆိုတော့
ဆွေးနွေးပွဲက ၃ ကြိမ်မှာ ပြီးသွားရောပဲ။ ခု ပထမ အဆင့်အနေနဲ့ လုပ်ရမှာက တိုက်ပွဲတွေ
လျှော့ချရေး။ ခုတပ်တွေ ရောနေတယ်။ အစိုးရတပ်က ရိက္ခာပို့တာတောင် ကျနော်တို့ တပ်မဟာ ၃
ကို ဖြတ်ပြီး ပို့ရတာ။ ခဏ ခဏ ရိက္ခာပို့ခွင့်တောင်းတုန်း။ ကူညီပေးဖို့တော့
စဉ်းစားလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့တော့ မကျဘူး။ မဟာဗျူဟာအရ နောက်ကျောရောက်နေတဲ့
တပ်ကို ခွာပေးပါ။ ခွာလိုက်ရင် တိုက်ပွဲတွေ လျော့သွားပါမယ်။ ဒုတိယ အဆင့်အနေနဲ့
ပင်လုံမှာ ကျင်းပသလို ညီလာခံ ကျင်းပရမယ်။ ဒုတိယပင်လုံလည်း မဟုတ်ဘူး။
နောက်ခံသမိုင်းနဲ့ လုပ်ဆောင်ရမယ့်ကိစ္စတွေ ရှိတဲ့အတွက် ကချင်ကလည်း ကချင်တွေချည်း
အစည်းအဝေးလုပ်ရမယ်။ တခြားတိုင်းရင်းသားတွေနဲ့လည်း လုပ်ရမယ်။ ဘုံသဘောတူညီမှုပေါ့။
လက်တွေ့မှာတော့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေ ရွှေ့ဖို့ ကိစ္စတွေမှာ
မဆုံးဖြတ်နိုင်ဘူး။ တပ်ကိစ္စတွေ ပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။
Voice : ကေအိုင်အိုအနေနဲ့ရော၊ အစိုးရရော
တိုက်ပွဲတွေဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်နေတာကို ငဲ့ပြီး နှစ်ဦးနှစ်ဘက် ဆွေးနွေးလို့
မရနိုင်တော့ဘူးလားခင်ဗျ။
GGM : ခုနက ပြောသလိုပဲ။ ဦးအောင်မင်းတို့နဲ့
တပ်ကိစ္စ ပြောရင် ဆက်ဆွေးနွေးလို့ မရတော့ဘူး။ နောက်တိုက်ပွဲ တနှစ်ကျော်လာတဲ့အထိ
တိုက်ပွဲကိစ္စကို လွှတ်တော်က ဘယ်လိုစဉ်းစားသလဲ။ မစဉ်းစားဘူးလား။ ဆွေးနွေးတယ်ဆိုရင်
ဒီတိုက်ပွဲတွေကို အစိုးရက ခွင့်ပြုလို့ တိုက်နေတာလား။ ဒါတပိုင်း။ နောက်
ငြိမ်းချမ်းရေးလို့ ပြောနေတဲ့စကား လွှတ်တော်အနေနဲ့ ဘယ်မှာ ရပ်ပြီး ပြောနေ တာလဲ။
ကချင်ပြည်နယ်က လွှတ်တော်အမတ် ဦးစခုန်တိန့်ယိမ်းက တိုက်ပွဲမှာ လာဦးစီးနေတယ်။
အဲဒီအချိန်မှာ လွှတ်တော်အစည်းအဝေး ရှိတယ်။ လွှတ်တော်မှာ ဘယ်လို ခွင့်တောင်းပြီး
စစ်ပွဲ ဦးစီးရသလဲ။
Voice : လွတ်လပ်တဲ့အာရှအသံ (RFA) မှာ
ငြိမ်းချမ်းရေးအကျိုးဆောင်ပေးတဲ့ ဦးညိုအုန်းမြင့်က ပြောသွားတာရှိတယ်။ ကေအိုင်အိုက
အခြေခံဖွဲ့စည်းပုံကိုလည်း လက်ခံတယ်။ ပြည်ထောင်စု တပ်မတော် ဦးစီးချုပ်တယောက်တည်း
ရှိရမယ် ဆိုတာကိုလည်း လက်ခံတယ်။ ဒါပေမယ့် အစိုးရလူကြီးတွေကို ကေအိုင်အိုက
မယုံကြည်ကြဘူးလို့ ပြောထားတာ ရှိပါ တယ်ခင်ဗျ။ ကေအိုင်အိုရဲ့ သဘောထားက
လက်ရှိအစိုးရအပေါ် ဘယ်လို သဘောထားရှိသလဲခင်ဗျ။
GGM : အဓိက လူမဟုတ်ပါဘူး။ မူပါပဲ။ အရင်ကတည်းက
အခြေခံဥပဒေပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ တခြားသူ ဥက္ကဋ္ဌ တက်လုပ်လည်း ဘာမှမပြောင်းဘူး။
အဓိကက ဥပဒေပဲ။ ကျနော်တို့ ကေအိုင်အို အမည်နဲ့ ရွေးကောက်ပွဲဝင်မယ် ရမလားလို့
မေးတော့ နေပြည်တော်ကို လှမ်းမေးကြတယ်။ ရတယ်တဲ့။ နောက်နှစ်ရက်ကြာတော့ မရဘူး
ဖြစ်ပြန်တယ်။ ကျနော်တို့က ဒီဂရီကုန်တဲ့အထိ ညှိပေးခဲ့ပြီးပြီ။ ရွေးကောက်ပွဲဝင်မယ်။
ဒုတိယသက်တမ်းမှာမှ ဝင်မယ်။ ပထမသက်တမ်းမှာ ဒီပုံစံမှာပဲ နေမယ်။ ၁၇ နှစ်လုံးလုံး
ဆွေးနွေးဖို့ စောင့်နေခဲ့တာ။ ခု လက်မှတ်ထိုးရုံနဲ့တော့ ငြိမ်းချမ်းရေး
ရမသွားနိုင်ဘူး။ သဘောတူလက်မှတ်ထိုးတာက စေ့စပ်ကြောင်းလမ်းတာနဲ့ တူတယ်။
နိုင်ငံရေးဆွေးနွေးတာက မင်္ဂလာဆောင်တာနဲ့ တူတယ်လို့တောင် ဦးအောင်မင်းကို
ပြောခဲ့ပါသေးတယ်။
Voice : ခုလက်ရှိက ဒုက္ခသည်တွေလည်း တသိန်းနီးပါး
ရှိနေပြီ။ ပြီးခဲ့တဲ့ တပတ်က ဖားကန့်မှာ လက်နက်ကြီး ထိပြီး ကျောင်းသူလေး
သေဆုံးသွားရတာတွေလည်း ဖြစ်ခဲ့တယ်။ ဒီတော့ ငြိမ်းချမ်း ရေးအတွက် ဆက်ဆွေးနွေးဖို့
ရှိပါသလား။
GGM : ရှိပါတယ်။ ကျနော်တို့ ဆုံးဖြတ်ချက်တွေကို
လူထုအစည်းအဝေးနဲ့ လုပ်ခဲ့တာတွေ ရှိပါတယ်။ နောက်တခု တိုက်ပွဲဖြစ်တော့
လူထုဒုက္ခရောက်တာ မှန်တယ်။ တိုက်ပွဲမဖြစ်တုန်းကရော ဒုက္ခ မရောက်ဘူးလား။ မြန်မာပြည်က
တိုက်ပွဲမဖြစ်ဘဲ ဒုက္ခရောက်ခဲ့တာပါ။ ကချင်တွေ စိတ်ထဲမှာ တိုက်ပွဲ ကြာလာရင် မလိုလားအပ်တဲ့
ပြဿနာတွေ ဖြစ်လာမယ်၊ ကြာရင် ထိန်းရခက်မယ်၊ ဒါကြောင့် တိုက်ပွဲ ကို
အရင်ဖြေရှင်းရမယ်လို့ ဦးအောင်မင်းကို ပြောခဲ့တယ်။ လူထုဖိအား ပါလာရင်
ဆုံးဖြတ်ရခက်မယ်။ တိုက်ပွဲတွေများလာရင် လူထုက နာကြည်းမှုတွေ ဖြစ်လာတယ်။
ဒီလိုပြဿနာတွေ ထိန်းမနိုင်ရင် ခက်မယ်လို့ အစကတည်းက ပြောခဲ့တယ်။ ဖားကန့်မှာ
ဖြစ်တဲ့ဟာဆိုရင်လည်း ဝက်ဘ်ဆိုက်မှာ ကွန့်မင့်ပေးကြတာတွေကို မယုံနိုင်ဘူး။
မိသားစုတွေလည်း ပေါက်ကွဲကြတာတွေလည်း ပါတယ်။ မှားပစ်ကြတယ်လို့ ပြောကြတယ်။
ဘယ်တပ်ပဲဖြစ်ဖြစ် မှားတာတော့ ရှိတာပေါ့။ ဒါပေမယ့် ဘာဖြစ်လဲ မယုံနိုင်တဲ့
အဖြစ်အပျက်တွေက အများကြီးပဲ။ ဗုံးတလုံးကွဲရင် ကျနော်တို့ဆီကလား။ သူတို့ဆီကလား ဆိုတာ
ကွဲကွဲပြားပြား မသိရဘူး။ မှားပစ်ရင်းနဲ့ပဲ နောက်ပိုင်း ရွာထဲမှာ ဝင်ပစ်သွားကြတာ။
ကျနော်တို့ စဆွေးနွေးကတည်းက မူတခုချပြီးတာနဲ့ မြစ်ကြီးနားမှာ တွေ့မယ်လို့ တရားဝင်
ကြေညာထားပြီးသား ပါ။ အခု ဗိုလ်ချုပ်စိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးမယ် ဆိုတာလည်း
ကျနော်တို့ တောင်းဆိုတာမဟုတ်ဘူး။ ကျနော်တို့ ပြောတာက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတော်က
တာဝန်ပေးထားတဲ့ သူတွေနဲ့ တွေ့မယ်။ ဒု-ချုပ်မှ၊ ကာချုပ်မှ ပြောတာမဟုတ်ဘူး။
ခုနောက်ဆုံး နေပြည်တော်မှာ ဆွေးနွေးရအောင် ပြောတယ်။ မူမရှိဘဲ နေပြည်တော်မှာ
ဘာသွားဆွေးနွေးမလဲ။ ဘယ်ခေါင်းစဉ်နဲ့ ဆွေးနွေးမလဲ။ အဓိက မူတခုရှာ။ နေရာ အဓိက
မဟုတ်ဘူး။ မူပဲ။
Voice : ကေအိုင်အိုနဲ့သာ အပစ်အခတ် ရပ်စဲနိုင်ရင်
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်လို့ ရပြီလို့ နိုင်ငံတော်သမ္မတကြီး
ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကေအိုင်အိုက ဘယ်လို မှတ်ချက်ပြု ချင်ပါသလဲခင်ဗျ။
GMM : ကေအိုင်အိုအနေနဲ့က အပစ်အခတ် ရပ်စဲရေး
တခုတည်း မပြောဘူး။ နိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ ကတိကို ရချင်တာ။ ကတိမရဘဲနဲ့
အပစ်အခတ် ရပ်စဲရေး ဘာလုပ်မလဲ။ ပြန်ပစ်ကြမှာပဲ မဟုတ်လား။ ဒီတော့ တိုက်ပွဲတွေ
ပြန်ဖြစ်မယ့် ကတိတော့ မလိုချင်ဘူး။ ဆွေးနွေးမယ်ဆိုတဲ့ ကတိ မရဘူး။ ၂၀၀၈ ထဲ ဝင်လာပါ
ပြောတယ်။ ဒါဆိုရင် ဆက်သွားလို့ မရတော့ဘူး။ သမ္မတရဲ့ ပထမဆုံး မိန့်ခွန်းမှာလည်း
တခြားအဖွဲ့အစည်းတွေကို ရည်ညွှန်းပြောတာ ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသား
အဖွဲ့အစည်းတွေကို ရည်ညွှန်းပြောတာ မပါဘူး။ ဒါကြောင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေကို ဘယ်လို သဘောထားသလဲ။ သောင်းကျန်းသူ၊ အခွင့်အရေးတောင်းသူလို့
သဘောထားလား။ သောင်းကျန်းသူလို့ သတ်မှတ်ရင် သောင်းကျန်းသူအနေနဲ့ပဲ သူ
ဖြေရှင်းမှာပဲ။ နောက်တခုက ပင်လုံစာချုပ်အပေါ်မှာ ခုလက်ရှိ အစိုးရက ဘယ်လိုသဘောထားလဲ
မေးတာ ခုထိ အဖြေမရဘူး။ အတူတကွ ယှဉ်တွဲနေထိုင်လို့ရတဲ့ ဥပဒေပေါ်ဖို့ ကျနော်တို့
ကြိုးစားရမယ်။ ခု သမ္မတ ပြောတဲ့ဟာ စာချုပ်ကို ကြည့်လေ။ ခုဟာက ယာယီ အပစ်အခတ်
ရပ်စဲရေးပဲ။ ဘာမှ တိတိကျကျ မရှိဘူး။ ရှမ်းနဲ့လည်း တိုက်ပွဲ ပြန်ဖြစ်တာပဲ။
ဒါကြောင့် အာမခံချက် မရှိဘဲ စာချုပ်ကြီး ချုပ်ပြီး နောက်ဖြစ်လာမယ့် စစ်ပွဲအတွက်
ပြင်နေတာမျိုးနဲ့တော့ မရပ်ချင်ဘူး။
(Aye Chan Mon
ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြသည်။)
No comments:
Post a Comment