Pages

Friday, November 30, 2012

လက်ပတောင်းကြေးနီစီမံကိန်း(လုံးဝ) အပြီးအပိုင်ရပ်ဆိုင်းရမည်


လက်ပတောင်းကြေးနီစီမံကိန်း(လုံးဝ) အပြီးအပိုင်ရပ်ဆိုင်းရမည်

တူမောင်ညို၊ နိုဝင်ဘာ ၃၀၊ ၂၀၁၂

သမ္မတ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက “လက်ပတောင်းကြေးနီစီမံကိန်းဖျက်သိမ်းရေး”အတွက် ငြိမ်းချမ်း စွာဆန္ဒပြနေသော သံဃာတော်များနဲ့ ပြည်သူများကို မီးလောင်တိုက်သွင်းပြီး အကြမ်းဖက် ဖိနှိပ်ပါတယ်။
 
“တရားဥပဒေစိုးမိုးရေးအတွက် ဒီမိုကရေစီကျင့်စဉ်နှင့်အညီဆောင်ရွက်ခြင်း”လို့ မျက်နှာပြောင်တိုက်ပြီး သတင်းထုတ်ပြန်ချက် (၁၁/၂၀၁၂) မှာဖေါ်ပြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်မြဲနေသမျှ ကာလပတ်လုံး ယခုကဲ့သို့ “တရားဥပဒေစိုးမိုးရေး အတွက် အခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီကျင့်စဉ် နှင့်အညီ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့ အကြမ်းဖက်မှုများ” ကို ပြည်သူအများ ဆက်လက် ရင်ဆိုင်ကြုံတွေ့နေရဦးမှာဖြစ်ပါတယ်။
 
စစ်ဗိုလ်တွေဟာ “ဗိုလ်” ကနေ “ ဦး ” ပြောင်းထားလဲ အကြမ်းဖက်တာပါပဲ။
 
တည်ဆဲအခြေခံဥပဒေကို ဖျက်သိမ်းပြီးအကြမ်းဖက်သလို အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲ အဓမ္မ အတည် ပြုပြီးလည်း အကြမ်း ဖက်တာပါပဲ။
 
အခြေခံဥပဒေမရှိဘဲ အကြမ်းဖက်သလို အခြေခံဥပဒေရှိပြန်တော့လည်းအကြမ်းဖက်တာပါပဲ။
 
ဒီလိုအကြမ်းဖက်တဲ့ ဓလေ့စရိုက်ဟာ စစ်အုပ်စုရဲ့မပြောင်းလဲတဲ့ ပင်ကိုယ်ဗီဇသဘာဝဖြစ်တယ်။
 
ယခုအခါမှာ လက်ပတောင်းအရေးဟာ နေရာဒေသတစ်ခုမှာ ကွက်ပြီးဖြစ်ပေါ်နေတဲ့ ဒေသန္တရ အရေး အခင်း မဟုတ်ဘူး။ တပြည်လုံးနဲ့သက်ဆိုင်တဲ့ အရေးဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ အရေးအခင်း ဖြစ်ပါတယ်။
 
လက်ပတောင်းမှာ မီးလောင်တိုက်သွင်းပြီး အကြမ်းဖက်ဖိနှိပ်မှုကို သမ္မတ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရရဲ့ တိုက်ရိုက် ညွန်ကြား အမိန့်ပေးမှုနဲ့လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်။
 
(နအဖ) စစ်အစိုးရ ကျူးလွန်ခဲ့တဲ့ “၂၀၀၃ ဒီပဲရင်းအကြမ်းဖက်သတ်ဖြတ်မှု”၊ “၂၀၀၇ သံဃာ အရေးအကြမ်း ဖက်မှု” များနဲ့ ယခု “လက်ပတောင်းမီးလောင်တိုက်သွင်းအကြမ်းဖက်မှု” ဖြစ်ရပ်ဟာ အနှစ်သာရနဲ့ အသွင် သဏ္ဌာန်အရအတူတူပဲဖြစ်ပါတယ်။
 
သမ္မတ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်တယ်။
 
ဥပဒေတွင်း/ဥပဒေပ အတိုက်အခံဆိုသူများက အကြမ်းဖက်ဖိနှိပ်ခံရသူ ပြည်သူလူထု စည်းကမ်းရှိဖို့၊ စိတ်ရှည်သည်းခံဖို့၊ နားချ ဖြောင့်ဖျ ကူညီနှစ်သိမ့်တဲ့ အလုပ်ကိုပဲ လုပ်နေကြတော့မှာလား။
 
လူထုခေါင်းဆောင်သည် လူထုဘက်မှ အမြဲရပ်တည်ပြီး လူထုကိုခေါင်းဆောင်မှုပေးရမည်။ လူထုကို ပြစ်တင်မာန်မဲနေခြင်းမျိုး မဖြစ်သင့်ပါတယ်။ မည်သည့်နိုင်ငံမည်သည့်သမိုင်းတွင်ဖြစ်စေ ပြည်သူလူထု သည် ဘယ်သောအခါမျှ စတင်အကြမ်းဖက်ခြင်း မရှိပါ။ အမြဲတန်းအကြမ်းဖက်ခံရသူများမှာ အဖိနှိပ်ခံ ပြည်သူများသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို အုပ်စိုးသူများဘက်ကသာ စတင်ကြစမြဲ ဖြစ် ပါတယ်။
 
“စေ့စပ်ညှိနှိုင်းသည့်ယဉ်ကျေးမှု” မရှိတာထက် “မွေးရာပါ အကြမ်းဖက်ဗီဇသဘာဝရှိသူများ” က သာ၍ ဆိုးဝါးရိုင်းစိုင်းပါတယ်။
 
ဖြစ်ပေါ်ခဲ့သော မီးလောင်တိုက်သွင်း အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ဥပဒေတွင်း/ဥပဒေပ အတိုက်အခံ များ အနေဖြင့် လက်ပတောင်း ပြည်သူများဘက်မှ ပြတ်ပြတ်သားသားရပ်တည်ကြဖို့နဲ့ အကာအကွယ် ပေးဖို့ ဖြစ်ပါတယ်။
 
မီးလောင်တိုက်သွင်းပြီးအကြမ်းဖက်ဖိနှိပ်မှုလုပ်ရပ်ကို ပြင်းပြင်းထန် ထန်ဆန့်ကျင်ကန့်ကွက်ဖို့ ဖြစ်ပါတယ်။
 
မီးလောင်တိုက်သွင်းပြီး အကြမ်းဖက်ဖိနှိပ်မှုလုပ်ရပ်ကို တိုက်ရိုက်ညွန်ကြားအမိန့်ပေးခဲ့ကြတဲ့ သမ္မတ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရကို ထိထိရောက်ရောက် ပြစ်တင်ဝေဖန်ရှုံချဖို့ဖြစ်ပါတယ်။
 
ထို့အပြင် မီးလောင်တိုက်သွင်း အကြမ်းဖက်ဖိနှိပ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော် များနဲ့ ပြည်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဝန်ချတောင်းပန်ပြီး ထိခိုက်နစ်နာမှုများအတွက် ဆေးကုသ မှုအပါအဝင် လျော်ကြေးပေးရန်ဖြစ်ပါတယ်။
 
အဓိက အကျဆုံးအချက်မှာ လက်ပတောင်းပြည်သူများ ဆန္ဒပြတောင်းဆိုနေတဲ့ “ကြေးနီစီမံကိန်း (လုံးဝ) အပြီး အပိုင်ရပ်ဆိုင်း ရေး” တောင်းဆိုချက်ကို ဥပဒေတွင်း/ဥပဒေပအတိုက်အခံများ အနေဖြင့် အုံ့ပုန်း လုပ်မနေကြဘဲ ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ ပါဝင် ပြီး ထိထိရောက်ရောက် အကောင် အထည်ဖေါ် ဆောင်ရွက်ရေးသာ ဖြစ်ပါတယ်။
 
“လက်ပတောင်းကြေးနီစီမံကိန်း(လုံးဝ) အပြီးအပိုင် ရပ်ဆိုင်းရေး” သာဖြစ်ရပါမယ်။ “ဧရာဝတီမြစ်ဆုံ အရေး” ကဲ့သို့ သမ္မတ သက်တမ်း (၅ နှစ်မျှသာ) ရွှေ့ဆိုင်းတာမျိုး (လုံးဝ) မဖြစ်သင့်ပါ။
 
မိုးမခဘလောက်ခ်မှကူးယူဖေါ်ပြပါသည်။ http://moemaka.com/?p=29631

No comments:

Post a Comment