စိန်နဲ့ စုနဲ့ နှစ်ပါးကြည် အများပြည်သူ တုံးလုံးပက်လက်
လှမောင်ဟန်
ကဲ … သိပြီမှုတ်လား။ မီးခိုးဗုံးပါဆိုနေမှ …။
အော် … ကော်မရှင်ကြီးကတော့ ကော်ချလိုက်ပြန်ချေပြီတကား။ ပြည်သူခပင်း၊ အိုအချင်းတို့
… ဂဏှာဟိ၊ မှတ်ကုန်လော့။ ထိုအရာကား မီးခိုးဗုံး ဟူသတည်း။
ကော်မရှင်ဟူသည်မှာကား နှယ်နှယ်ရရမဟုတ်။ သာမန် အရပ်သူအရပ်သား လူပြိန်းများ နားလည် အောင်
ပြောရပါမူ ကော်မရှင်ဆိုသည်မှာကား အားအားရှိလျှင် ကော်မရှင် ခတ်မရှင်ဟု ဟန်ရေး တပြင်ပြင်
လုပ်နေတတ်သော “ပိုက်ကျော်ခြင်းသမ” မဟုတ်။ တနည်းဆိုရပါမူ အားအား ရှိလျှင်
အလှူ့လက်ဖက် ငါ့အတွက် သဘောထားပြီး သကာလ ကော်မရှင်၊ ခပ်မရှင်ဟု ဟန်ရေးတပြင်ပြင်
လုပ်နေတတ်သော အလှူအိမ်မှ “အိုးသူကြီးမ” လည်း မဟုတ်။ ကော်မရှင်ဆိုသည်မှာကား
ကော်မရှင် ဟု ဆိုသော်ငြားလည်း ကော်သင့်မှကော်၍၊ မကော်သင့်လျှင် လုံခြုံအောင်
ဖုံးတန်ဖုံး၊ ဖိတန်ဖိ၊ ဖာတန်ဖာ၊ ဖားတန်ဖား၊ ဖွက်တန် ဖွက်၊ ဖယ်တန်ဖယ်၊
ဖျောက်တန်ဖျောက်၊ ဖြောင်တန်ဖြောင်၊ ဖျက်တန်ဖျက်၊ ဖြဲတန်ဖြဲ၊ ဖြိုတန်ဖြို၊
ဖောတန် ဖော၊ ဖြီးတန်ဖြီး၊ ဖတလုံးကို ပိုင်ပိုင်ကြီး အသုံးချ တတ်သည့် ဖတလုံးကြေ
အဖွဲ့ကြီး ဖြစ်သတတ်။ ကော်မရှင်ကြီး၏ ဖ အင်္ဂါများကို ဂုဏ်ပြုချီးမွမ်းရန် အလို့ငှာ
အနှီကော်မရှင်ကြီးကို ဖကော်မရှင်ကြီးဟုပင် အမွှမ်းတင် ခေါ်ဆိုသင့်လှပါပေသည်။
ကော်မရှင်ဆိုသည်မှာကား မစုံစမ်းရသေးခင် ဘာမှ ပြောရိုးမရှိ၊ မှတ်ဘိ။
ဖကော်မရှင်ကြီးဆိုသည်မှာ ကား ဥပဒေနှင့် ညီအောင် လုပ်တတ်လှပေသည်တကား။ စီရင်ချက်
မချရသေးလျှင် ဘာကိုမျှ မစီရင်တတ်။ သံသယအကျိုးခံစားခွင့် ပေးတတ်လေသည် ဟူသတတ်။
ယခု မီးခိုးဗုံးဟု ဆိုလိုက်သည်မှာလည်း စုံစမ်းပြီး၍သာ ဖြစ်တန်ရာသည်။
ထိုအရာကား … ဘာတဲ့တုန်း၊ ဟဲ့ … ဟဲ့ မီးခိုးဗုံး ဆိုပါလား။
အဲတဲ့၊ နို့ပေတဲ့ အဲသည် မီးခိုးဗုံးဆိုသဟာကြီးက ဘာလို့များ မီးထတောက်ရသတုန်းနော်။
ခက်ပါဘိ၊ သက်ညှာ မသိရော့သလားကွယ်။ ဘာလို့များ မီးခိုးဗုံးလို့ ဆိုရသတုန်း။
မီးတွေကို ခိုးထား ဘုန်းထား လို့ပေလား။ ဒါမှမဟုတ် အောက်စဖို့ အဘိဓာန်တော်ကြီးထဲတွင်
မီးခိုးဗုံးဟူသည်မှာကား အရေပြားများကို လောင်ကျွမ်း၍ အရှင်လတ်လတ် ငရဲသို့
ပို့ဆောင်ပေးတတ်သောအရာ ဟူ၍များ အဓိပ္ပာယ် ဖွင့်ဆိုထား လေသလားမသိ။ အောက်စဖို့က ပြောလျှင်တော့
မှန်ကို မှန်ရပေလိမ့်မည်။
ထိုသို့ မုသားမီးခိုးများ ဖုံးလွှမ်းနေသည့် အခိုက်ဝယ် တဘက်မှာလည်း ချိန်သားကိုက်စွာ
ဓာတုစိန်စိန်၏ ဝမ်းနည်းစကား ထွက်ပေါ်လာချေသည်။
အောင်မယ် … ငြိမ်ချက်သား ကောင်းလွန်းလို့ ဒင်းငုတ်တုတ်ကြီးများ အသက်ထွက်သွားပြီလား
ထင်နေတာ … ဘယ်မှာ ဟုတ်လို့တုန်း။ စကားတော့ ပြောတတ်သားပဲ။ သူ့ခမျာ တော်တော်
စိတ်မကောင်းဖြစ်သွားရှာ ဆိုကိုး။ စိတ်မကောင်းဘူးဆိုလို့ ရူးသွားပြီလား မထင်နဲ့ဦး။
သူ စိတ်မကောင်းတာ အကြောင်းရှိတယ်။ ဟောဒီမှာ နားထောင်ကြည့်။
“မထိခိုက်သင့်တဲ့ သံဃာတွေ ထိခိုက်သွားတော့ ကျနော်လည်း စိတ်မကောင်း အများကြီး
ဖြစ်ရပါတယ်” တဲ့။
ဘုရား ... ဘုရား။ သူ စိတ်မကောင်းတာက ဒီလိုပါလား။ စစ်ဗိုလ်ပီပီ ယဉ်ကျေးသိမ်မွေ့စွာ
သူ့အောက်က ကောင်တွေကို ငါကိုင်တုတ်နေမှာ မြင်ယောင်မိပါသေး။ “ ငါ x မသားတွေ
ထိခိုက်သင့်တဲ့ သံဃာတွေကို ထိအောင် ပစ်ပါတော့လား။ ဒီလောက်တောင် လက်မဖြောင့်ရအောင်
မင်းတို့လက်ကို ဟိုဒင်းနဲ့ တို့ထား လို့လား … အိမ်မြှောင်ဥ၊ အိမ်မြှောင်ဥနဲ့
တို့ထားလို့လား” ဟု ဒေါသတကြီး အော်အော်ပြီး ဆဲလို့နေမှာကို အော် …
မြင်ယောင်မိပါသေးရဲ့လေ။ ဘုရား … ဘုရား သူ ထိခိုက်စေချင်တဲ့သူတွေက
ဘယ်သူတွေများ ပါလိမ့်လဲနော်။
အောင်မယ် … မန္တလေးမှာ သံဃာတွေကို တောင်းပန်တဲ့သူတွေကလည်း မခေပါခင်ဗျ။ အညွန့်ကလေး၊
အစီးအပိုးကလေးနဲ့ဗျ။ မမျှော်လင့်ဘဲ သံဃာတော်များ ဒဏ်ရာရသွားတဲ့အတွက် ဆိုပါလား။
သူတို့ မမျှော် လင့်တာက ဘာများပါလိမ့်ဗျာ။ အတွေးရကြပ်ပါဘိ။ “မိမိတို့၏
မီးလောင်ဗုံးများမှာ တခါမှ လက်တွေ့ မသုံးစွဲရသေးသောကြောင့် ဒီလောက်ကောင်းလိမ့်မည်ဟု
မျှော်လင့်မထားပါကြောင်း၊ မိမိတို့မှာလည်း ယခင်က လူသားစစ်စစ်များနှင့်
မစမ်းသပ်ရသေးသောကြောင့် နောင်အခါတွင် မှားယွင်းမသုံးစွဲမိစေရန် အလို့ငှာ ယခုလို
စမ်းသပ်ရခြင်းဖြစ်ပါကြောင်း” ဆိုတဲ့ သဘောများလား မဆိုတတ်ပါပေတကား။ သို့တည်း မဟုတ်
“ထိုနေ့ညက ဖြိုခွဲသည့်သူ အမိန့်ပေးသည့်သူများမှာ မိမိတို့ မဟုတ်ပါ၍
မိမိတို့အနေနှင့် မျှော်လင့် မထားပါကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ
အမိန့်ပေးတော်မူကြသော ကိုဟိုဒင်း ဦးဟိုဒင်းတို့အဖို့မှာ ရာဇ ဣနြေ္ဒပွန်းပဲ့မှာ
စိုးလွန်းသဖြင့် တောင်းပန်ဖို့ မဖြစ်နိုင်ပါကြောင်း၊ ၄င်းတို့ကိုယ်စား မိမိတို့အား
တောင်းပန် ခိုင်းခြင်းဖြစ်သောကြောင့် ထိုနေ့ညက အဖြစ်အပျက်များမှာ မိမိတို့လည်း
မျှော်လင့်မထားမိပါကြောင်း” ဟုပင် ဆိုချင်လေသလော မပြောတတ်။ ထို့အပြင်တဝ
“မိမိတို့မှာ သံဃာများက အင်နှင့်အားနှင့် ဆူပူကြမည်ကို ကြောက်လွန်းသောကြောင့်
တောင်းပန်ရသော်လည်း လူများကိုကား သေစေချင်၍ တမင်လုပ်ခဲ့ခြင်း ဖြစ်သောကြောင့်
မတောင်းပန်နိုင်ကြောင်း” ဟုလည်း ဆိုချင်ဟန်ရှိပေသည်။ သူတို့တောင်းပန်သည့်အထဲမှာ
လူတွေ မပါပါတကား။
တောင်းပန်ပြီးသကာလ မိနစ်ပင် မဆိုင်းမတွ၊ သူတို့ဗီဇ ပြတော့သကိုး။ သာဓုသုံးကြိမ်
အတင်းအဓမ္မ ခေါ်ခိုင်းတော့တာပါကလား။ သာဓုပဲဗျာ၊ သူခေါ်ချင်မှ ခေါ်မှာပေါ့ ဟုတ်ဖူးလား။
ဟုတ်ပေါင်ဗျာ။ ကဲ … တောင်းပန်ပြီးပြီ။ ကျေနပ်ရင် သာဓုခေါ်၊ မခေါ်ရင် ဒါပဲ ...
ဒါပဲတဲ့။ အောင်မလေး၊ အဓမ္မကြီးပါ ကလားနော်။ သံဃာတော်များမှာလည်း တောင်းပန်ပုံက
ဂိုက်မကျသော်လည်း သူတို့မျက်နှာထား တွေက အစိုးမရ လေတော့ နောက်ထပ်များ မီးလောင်ဗုံး
… အဲ အဲ ...ယောင်လို့ မီးခိုးဗုံး၊ (ဖကော်မရှင်ကြီးပြောတဲ့ မီးခိုးဗုံးတွေ)
နောက်ထပ် ယူလာသေးသလား ဆိုပြီး စိုးရိမ်ပူပန် သွားပုံရလေသည်။ သံဃာဆယ်ပါး လောက်က
မခေါ်ချင့် ခေါ်ချင့် စိတ်လက်မသက်မသာဖြင့် သာဓုခေါ်လိုက်ရပါသကောလေ။
သမ္မဒဂျီး ဓာတုစိန်ကလည်း နောက်ထပ် ပြောသေးသဗျ။ အောက်ခြေတွင် ညှိနှိုင်းမှုများ အဆင် မပြေ သောကြောင့်
ခုလို ဖြစ်ရသတဲ့။ လာပြန်ပါပြီဗျာ။ နောက်တလုံး။ သူတို့ဘိုးဘေး မဆလကြီးရဲ့
အလုံးလေး တွေ။ လုပ်တော့ အပေါ်က၊ လွှဲချတော့ အောက်က။ အပေါ်ပိုင်းက ကောင်းကြောင်း၊
မူတွေချမှတ်ထား တာကလည်း မိုးပျံနေကြောင်း၊ စိတ်ရင်းစေတနာမှာလည်း သူတော်စင်တမျှ
မြင့်မြတ်လှပါကြောင်း၊ သို့သော်လည်း အောက်ကကောင်တွေ စောက်သုံးမကျလို့
ဖြစ်ရကြောင်းပေါ့လေ။
အော် … ဟုတ်တော့လည်း ဟုတ်သား။ ဒို့များအောက်ခြေမှာသာ မီးလောင်ဗုံးထိသူကထိ၊
ဒုတ်ချက်မိ သူကမိ။ ရဟတ်ယာဉ်ပေါ်က ပစ်လိုက်သော သေနတ်ဒဏ်ရာဖြင့် ဂန့်သူဂန့်ဖြစ်နေချိန်မှာ
နွားနို့ခွက် အပေါ်ယံက မလိုင်များမှာတော့ စုစည်းညီညွတ်ကြပေသည်တကား။
သူတို့မှာဖြင့် ကြည်လို့ ပြုံးလို့၊ နှစ်ပါးသွားတွေ မြိုင်ထတွေ ကလို့။ ငါတို့မှာသာ
အတုံးနဲ့ အရုန်း၊ တုံးလုံးနဲ့ ပက်လက်၊ မျက်ခွက်နဲ့ မျက်ရည်
သွေးတွေချင်းချင်းနီကုန်ပါပေါ့တကား။
ဤသည်လည်း အပေါ်ထပ်နှင့် အောက်ထပ်ဇာတ်လမ်း တေးသွားအသစ်ပင်တည်းဟု တနည်း
မှတ်ယူကြစေခလို ...။
လှမောင်ဟန်
၂၀ ဒီဇင်ဘာ ၂၀၁၂
(Hla Mg Han ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
No comments:
Post a Comment