Pages

Monday, June 17, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

တူမောင်ညို။ နိုဝင်ဘာ ၁၃၊၂၀၁၁

Naypyidaw
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုနိဒါန်း၊ အခန်း (၁၅) ခန်း၊ ပုဒ်မပေါင်း (၄၅၇) ခု၊ ဇယား (၅) ခုတို့ဖြင့် ဖွဲ့စည်းထားပါတယ်။ အဲဒီ အခန်း (၁၅) ခန်းအနက်၊ “အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း” ဆိုတဲ့အခန်းကို လေ့လာကြည့်ကြပါစို့။
 
အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း ကို ပုဒ်မ(၄၃၃)၊ (၄၃၄)၊ (၄၃၅)၊ (၄၃၆) ဆိုပြီး ပုဒ်မ(၄) ခုနဲ့ ဖွဲ့စည်းထား ပါတယ်။
 
ပုဒ်မ (၄၃၃)၊ (၄၃၄)၊ (၄၃၅) တို့ကတော့ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင် လိုလျှင် ဘယ်လို နည်းလမ်းတွေနဲ့ ပြင်ဆင်ရမယ် ဆိုတာကိုဖေါ်ပြ ထားတာဖြစ်ပါတယ်။
 
အချုပ်အားဖြင့်ကတော့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းရမယ်။ ဥပဒေမူကြမ်း အဖြစ် တင်သွင်း ရမယ်၊ အခြားအဆိုများ မပါရှိစေရ။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်း ကတင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေး နေရမယ် လို့ဖေါ်ပြထားပါတယ်။
 
ပြည်ထောင်စု လွှတ်တော်ဆိုတာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်ကိုစုပေါင်း ထားတာပါ။ ပြည်သူ့လွှတ်တော် မှာ လွှတ်တော်ကိုယ်စားလှယ်(၄၃၅) ဦး၊ အမျိုးသားလွှတ်တော်မှာ (၂၂၄) ဦးရှိပါတယ်။ ဒီတော့ ပြည်ထောင်စု လွှတ်တော်မှာစုစုပေါင်း ကိုယ်စားလှယ်( ၆၅၉) ဦးဖြစ်ပါတယ်။
 
ဒါကြောင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏၂၀ ရာခိုင်နှုန်းလို့ ဆိုထားလေတော့ (၁၃၁ ဒသမ ၈) ဦးရရှိမှာ သာလျှင် ပြည်ထောင်စု လွှတ်တော်ကလက်ခံ ဆွေးနွေးရမယ် ဆိုတဲ့အဆင့်ကို ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
 
လက်ရှိ ပြည်ထောင်စုလွှတ်တော်ထဲမှာကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်သားအမတ်တွေ စုစု ပေါင်းရင်(၅၅၄) ဦး ရှိပါတယ်။
 
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အရေအတွက်စုစုပေါင်း(၆၅၉) ဦးထဲ အဲဒီအရေအတွက် (၅၅၄) ဦးကို နှုတ်လိုက်ရင် (၁၀၅) ဦးကျန်ပါတယ်။ အဲဒီ (၁၀၅) ဦးဟာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဆိုတဲ့ သတ်မှတ်ချက် ကိုပြည့်မီခြင်း မရှိတာကို တွေ့နိုင်ပါတယ်။
 
ပြည်ထောင်စု လွှတ်တော်ထဲမှာ ကြံဖွံပါတီ ကိုယ်စားလှယ်တွေနဲ့ စစ်သားအမတ်တွေမပါတဲ့ အခြား ပါတီငယ်များရဲ့ စုစုပေါင်းက(၁၀၅)ဦးသာ ဖြစ်ပါတယ်။ ဒီအထဲမှာ (တစည) လိုပါတီတွေ၊ (စဒက) ကဲ့သို့ ကြံဖွံ့ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီငယ်တွေကိုပါထည့်ပြီး ပေါင်းထားတာပါ။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏၂၀ ရာခိုင်နှုန်း ရဖို့မလွယ်ဘူးဆိုတာ လက်တွေ့ ကိန်းဂဏန်းတွေက ရိုးရိုးရှင်းရှင်း သက်သေထူနေပါတယ်။ ဒါကပထမဆင့်သာ ဖြစ်ပါတယ်။
 
အရေးကြီးတာက ပုဒ်မ (၄၃၆) ဖြစ်ပါတယ်။ပုဒ်မ(၄၃၆) ကို ပုဒ်မခွဲ (က) နဲ့ (ခ) ဆိုပြီး ခွဲခြား ထားပါတယ်။ တကယ်တော့ ပုဒ်မ(၄၃၆)(က) နဲ့ (ခ) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ၂ ပိုင်းခွဲထားတဲ့ သဘောဖြစ်ပါတယ်။ ပုဒ်မ (၄၃၆) (က) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ရဲ့ အဓိကအပိုင်းဖြစ်ပြီး၊ ပုဒ်မ (၄၃၆) (ခ) ကတော့ သာမညအပိုင်းလို့ ခွဲပြောရင်ရပါတယ်။ပုဒ်မ (၄၃၆)(က) ကို အဓိကအပိုင်းလို့ ခွဲပြောရတာက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထဲက သော့ချက်ကျတဲ့ အခန်းတွေနဲ့ အချက်အချာကျတဲ့ ပုဒ်မတွေကို ရွေးထုတ်ဖေါ်ပြ ထားလို့ဖြစ်ပါတယ်။
 
ပုဒ်မ(၄၃၆) ပုဒ်မခွဲ(က) ကိုဦးစွာကြည့်ကြပါစို့။ ပုဒ်မခွဲ(က)တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) မှာ ပါဝင်တဲ့ အခန်း (၁၅) ခန်းအနက်၊ အခန်း (၈) ခန်းမှာရှိတဲ့ပုဒ်မပေါင်း (၉၅) ခုကို သီးသန့်ရွေးချယ် ဖေါ်ပြထားတယ်။
 
ပုဒ်မခွဲ(က)မှာ သီးသန်းရွေးချယ် ဖေါ်ပြထားတဲ့အခန်း (၈) ခု ဆိုတာ ဘယ်လိုအခန်းတွေလဲ။ ပါဝင်တဲ့ပုဒ်မ တွေကဘာတွေလဲ။ အောက်ပါဇယားကိုကြည့်ပါ။
 
အခန်းအမည်
ပါဝင်သည့်ပုဒ်မများ
စုစုပေါင်း
အခန်း (၁) နိုင်ငံတော်အခြေခံမူများ
(ပုဒ်မ ၁ မှ ၄၈ ထိ ပုဒ်မ အားလုံး)
၄၈
အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
(ပုဒ်မ ၄၉ မှ ၅၆ ထိ ပုဒ်မ အားလုံး)
အခန်း (၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ
(ပုဒ်မ ၅၉ နှင့် ၆၀)
အခန်း(၄) ဥပဒေပြုရေး
(ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁)
အခန်း(၅) အုပ်ချုပ်ရေး
(ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆)
အခန်း(၆) တရားစီရင်ရေး
(ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀)
အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ
(ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ပုဒ်မ အားလုံး)
၂၃
အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
(ပုဒ်မ ၄၃၆)
၉၅

အဆိုပါ အခန်းများနဲ့ ပါရှိသော ပုဒ်မများကိုဘယ်လိုပြင်ဆင်ရမည်ဆိုတာကိုအခုလို ရေးသားဖေါ်ပြ ထားပါတယ်။
 
“ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူ လက်ခံပြီးနောက်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲ ဖြင့်သာ ပြင်ဆင်ရမည်” လို့ဆိုထားပါတယ်။
 
သာဓကအားဖြင့် – အခန်း (၁) နိုင်ငံတော်အခြေခံမူများ အခန်း
 
- ပုဒ်မ (၆) (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်”
 
- ပုဒ်မ(၁၄) “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေ အတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်”
 
- ပုဒ်မ (၂၀) (ခ) “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်”
 
- ပုဒ်မ (၂၀) (င) “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲ ရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်”
 
- ပုဒ်မ (၂၀) (စ) “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”
 
သာဓကအားဖြင့် – အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်း
 
- ပုဒ်မ(၄၉) “နိုင်ငံတော်ကို အောက်ပါ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ် (၇) ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများဖြင့်ပိုင်းခြား သတ်မှတ်သည်” ဆိုတဲ့ ပုဒ်မကို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး (၈ပြည်နယ်မူ) ကို အစဉ်တစိုက် တောင်းဆိုနေခဲ့ကြတဲ့ တိုင်းရင်းသားများ အနေဖြင့် အဆိုပါပုဒ်မ(၄၉)ကို မည်သို့ပြင်ဆင်ကြမလဲ။
 
သာဓကအားဖြင့် – အခန်း(၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ အခန်း
 
- ပုဒ်မ(၅၉) (စ) “မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်ရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”
 
(ဤပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်ဟု ဖေါ်ပြဆိုလိုခြင်း မရှိသော်ငြားလည်း ဒေါ်အောင်ဆန်း စုကြည်၏ လက်ရှိအခြေအနေအရ ကန့်သတ်ထားသလိုဖြစ်နေပါတယ်)
 
- ပုဒ်မ(၆၀) (က) နဲ့(ခ) သည် သမ္မတကို လွှတ်တော် ၂ ရပ်မှရွေးချယ်တင်မြှောက်ရုံမကပဲ။ တပ်မတော် ကပါ လွှတ်တော်ကဲ့သို့ သမ္မတတစ်ဦး ရွေးချယ်နိုင်ခွင့် ပေးအပ်ထားခြင်း ဖြစ်ပါတယ်။
 
သာဓကအားဖြင့် – အခန်း(၄) ဥပဒေပြုရေးအခန်း
 
- (ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊၁၆၁) တို့သည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အဆင့်ဆင့်ဖွဲ့စည်းမှုများကို ထိန်းချုပ် ထားသည့် ပုဒ်မများဖြစ်ပါတယ်။
 
သာဓကအားဖြင့် – အခန်း(၅) အုပ်ချုပ်ရေး
 
- (ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊၂၇၆) တို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း စတဲ့ကိစ္စများကို ထိန်းချုပ်ထားခြင်း ဖြစ်ပါတယ်။
 
သာဓကအားဖြင့် – အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ
 
 (ပုဒ်မ ၄၁၀ မှ ၄၃၂ ထိပုဒ်မ အားလုံး) ဖြစ်ပါတယ်။
 
ဒီအခန်းမှာ ဖေါ်ပြထားတဲ့ ပုဒ်မအားလုံးရဲ့ ခြုံငုံအဓိပ္ပါယ်ကတော့ နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ ဝကွက်အပ်ထားတယ် ဆိုတဲ့အချက်ကို ဥပဒေသဘော ဖြစ်အောင်ရေးထားခြင်းသာ ဖြစ်ပါတယ်။
 
ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အချိန်မရွေး၊ တရားဝင် အာဏာ သိမ်းခွင့် ထာဝစဉ်ရရှိ ထားခြင်း သို့မဟုတ် ပေးအပ်ထားခြင်းဖြစ်ပါတယ်။
 
ခြုံငုံသုံးသပ်ချက်
 
ဒါကြောင့်အထက်မှာ သာဓကအသီးသီး ထုတ်ပြခဲ့တဲ့ အချက်အလက်တွေ ကိုပြုပြင်ဖို့ဆိုလျှင် ပထမဆင့် အနေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်း ရရှိဖို့ လိုအပ်ပါတယ်။၂၀ ရာခိုင်နှုန်းရရှိဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာကို လက်ရှိ ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြခဲ့ပါတယ်။
 
လွှတ်တော်ထဲဝင်ပြီး ပြုပြင်ယူမယ်ဆိုတာ ဘယ်လောက်ခက်ခဲမယ် ဆိုတာမြင်နိုင်ပါတယ်။ ပုဒ်မ(၄၃၆) မှာဖေါ်ပြထားတဲ့ ပုဒ်မ တွေဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ပုဒ်မတွေ တနည်းအားဖြင့် စစ်အာဏာရှင် စနစ်နဲ့ စစ်အုပ်စု အကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ်ပေး ထားတဲ့ အချက်တွေလည်း ဖြစ်နေပါတယ်။
 
ဒီအချက်တွေဟာ စစ်အုပ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွား တွေနဲ့ လိမ်ယှက်ဆက် နွယ်နေတာမို့ လွှတ်တော်ထဲဝင်ပြီး ပြင်ဆင်နိုင်ဖို့ ဆိုတာဟာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုသာလျှင် ဖြစ်ပါလိမ့်မယ်။
 
ပထမဆင့် အနေနဲ့ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းရရှိပါစေ။ တကယ်တန်း ပြင်ဆင်နိုင်ခွင့်ဆိုတာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်း ကျော်ရရှိရမှာဖြစ်ပြီး၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး၊ မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲဆန္ဒဖြင့်သာ ပြင်ဆင်နိုင်ပါလိမ့်မယ်။
 
ရှင်းအောင်ပြောရလျှင် ပုဒ်မ ၄၃၆ (က) မှာ ရွေးထုတ်ဖေါ်ပြထားတဲ့အခန်း (၈) ခန်း နဲ့ ပုဒ်မ (၉၅) ခုဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ရဲ့ အဓိကကျတဲ့ အခန်းတွေနဲ့ သော့ချက်ကျတဲ့ ပုဒ်မ တွေဖြစ်ပါတယ်။ဒါ့အပြင် ယနေ့ဦးသိန်းစိန်အစိုးရ အတွက် အလျှော့ ပေးလိုက်လျောနိုင်တဲ့ အချက် တွေ မဟုတ်ပါဘူး။မဆုတ်တမ်း ခံစစ်စခန်းတွေဖြစ်ပါတယ်။ ဒါကြောင့်လည်းပြင်ဆင်ဖို့ တမင်ခက်ခဲ အောင် အခုလို တိတိကျကျရေးသား ထည့်သွင်းပြဌာန်း ထားခြင်းဖြစ်ပါတယ်။ ပုဒ်မ(၄၃၆) (ခ) ကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး၊မဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် မဲဆန္ဒ ဖြင့်သာ ပြင်ဆင်ရမယ် ဆိုတဲ့အချက် မပါတာပဲ ကွာခြားပါတယ်။ နှိုင်းယှဉ်ချက်အရ ပြောရရင် ပုဒ်မ(၄၃၆ (က) လောက် မတင်းကြပ်တဲ့အချက်တွေလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။
 
ဒါ့အပြင် မပယ်ပျက်သေးသမျှ အတည် ဖြစ်စေရမယ်ဆိုတဲ့ အခြားသော တည်ဆဲဥပဒေ (၄၀၀) ကျော် လည်း ရှိနေပါသေးတယ်။
 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာရှိတဲ့ ဥပဒေ ကျွမ်းကျင်သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထဲမှာ ဘယ်လိုအချက် အလက်တွေဟာဖြင့် ဒီမိုကရေစီ နည်းလမ်းမကျဘူး၊ ဘယ်လို အပေါ်စီးယူထား တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး၊ ပိုပြီးသိရှိ နားလည်နိုင်မယ် ဆိုတာ ကျနော် သံသယမရှိပါဘူး။ ထွင်းဖောက် တွေးခေါ် မြော်မြင်နိုင်စွမ်း ရှိကြသူတွေ ဖြစ်ပါတယ်။
 
ဧရာဝတီမြစ်ထဲရေရှိမယ်ဆိုတာပြေးကြည့်စရာမလိုတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
 
အခြေခံဥပဒေဘောင်ထဲဝင်မယ့်ကိစ္စဟာ ဥပဒေရှုဒေါင့်ထက်၊ နိုင်ငံရေး ရှုဒေါင့်ကို ပိုပြီးအလေးပေး ရပါလိမ့်မယ်။ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(၂၀၀၈) အပါအ၀င် တိုင်းပြည်ရဲ့ အဓိကကျတဲ့ နိုင်ငံရေး ပြဿနာအားလုံးကို နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးသိန်းစိန်အစိုးရ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။
 
ပြည်သူလူထုတစ်ရပ်ပါဝင်ခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက (မဆလ) တစ်ပါတီ ကိုရော၊ တစ်ပါတီအာဏာရှင်စနစ်ကို ခုတ်မောင်း လည်ပတ်စေခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄) ကိုပါ တိုက်ဖျက်ခဲ့တာ တကယ့်သမိုင်း ဖြစ်ရပ်မှန်တစ်ခုပါ။
 
မှတ်ချက်။
 
ဤဆောင်းပါးကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ က ရေးသားခဲ့ပြီး၊ မိုးမခတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါလိမ့်မယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြားဖြတ်ရွေးကောက်ပွဲ မဝင်မီအချိန်ကဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး။ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမတ်နေရာ စုစုပေါင်း (၄၃) ဦးရွေးချယ်ခံခဲ့ရပါတယ်။
 
ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွတ်တော်အလိုက် ရွေးချယ် ခံရမှုများ
 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၇) ဦး
 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၄) ဦး
 
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦး
 
စုစုပေါင်း (၄၃) ဦး
 
ယခုအခြေအနေအရ ထပ်မံဖေါ်ပြသင့်သည်ဟု ယူဆပါသဖြင့် ပေးပို့လိုက်ရခြင်းဖြစ်ပါတယ်။
 
 
တူမောင်ညို
၁၇ ဇွန် ၂၀၁၃
 
 
http://moemaka.com  မှပြန်လည်ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment