Pages

Saturday, January 25, 2014

Statement on Government's Census Plan(kachin)

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်နှင့် ပတ်သက် ကချင်ပြည်သူလူထု အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

                                                                  ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်နှင့် ပတ်သက် ကချင်လူထုအဖွဲ့အစည်းများမှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ သီတာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း စည်းဝေး ခန်းမဆောင် တွင် နံနက် (၉)နာရီမှ ညနေ(၆)နာရန်အထိ ဆွေးနွေးခဲ့ကြပါ သည်။ ထိုဆွေးနွေးပွဲ တွင် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်း များ၊ ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့ (Wunpawng Amyu Sha Mungbawng Rapdaw) ပါဝင်သည့် အဖွဲ့အစည်းပေါင်း (၃၇)ဖွဲ့မှ ကိုယ်စားလှယ်များ နှင့် ရပ်မိရပ်ဖများ စုစုပေါင်း(၁၄၇)ဦး တက်ရောက် ဆွေးနွေးခဲ့ ပါသည်။
 
ထိုဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ၂၀၁၄ ခုနှစ် မတ်လ(၂၉)ရက်နေ့ သန်းခေါင်ယံမှစ၍ ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူမည့်လုပ်ငန်းစဉ်၊ မေးခွန်းများနှင့်ပတ်သက်ပြီး  မိမိတို့၏အမြင် များကို ရှင်းလင်းတင်ပြခြင်း၊ အချင်းချင်းဆွေးနွေးခြင်းနှင့် သုံးသပ်ချက်များ တင်ပြ ခြင်းများ ပြုလုပ်ခဲ့ပါသည်။
 
တင်ပြဆွေးနွေးချက်များမှ သုံးသပ်ချက်များမှာ-
 
(က)  ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်သည် အမှန်တကယ် လိုအပ်သည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရှိနားလည်ကြပါသည်။
 
(ခ) လက်ရှိပြင်ဆင်ထားသော ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူမည့် မေးခွန်းတွင်ပါဝင်သော လူမျိုးနှင့် မျိုးနွယ်စု သတ်မှတ်ချက်၊ သကေတ (code number) များ သတ်မှတ်ချက်တို့သည်  ကချင် တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်း၊ သဘောတူညီချက် ရယူပြီး အတည်ပြုဆောင်ရွက် ထားခြင်း မဟုတ်ကြောင်းတွေ့ရှိရပါသည်။
 
(ဂ) ကချင်လူမျိုးဆိုသည်မှာ သီးသန့်ကချင်မျိုးနွယ်စုဝင်တစ်ခု မဟုတ်ပဲ ကချင် မျိုးနွယ်စု များစုပေါင်းထားသည့် လူမျိုးကို "ကချင်(Kachin)" ဟုသုံးနှုန်း ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကချင်သည် ဂျိန်းဖော့မျိုးနွယ်စုတစ်ခုတည်းကို ကိုယ်စား ပြုသောအမည် မဟုတ်သဖြင့် ကချင်=ဂျိန်းဖော့ (Jinghpaw) မဟုတ်ပါ။  Wunpawng Amyu Sha = Kachin သာဖြစ်ပါသည်။
 
သန်းခေါင်စာရင်း မေးခွန်းများတွင်ပါရှိသော ကချင်အုပ်စုပါ လူမျိုးနှင့်မျိုးနွယ်စုများ၏ (Code number) များသည် ကချင်တိုင်းရင်းသားများအတွင်း ပကတိအခြေအနေနှင့် ကိုက်ညီမှု မရှိဘဲ ကွဲလွဲချက်များရှိနေပါသည်။ ထို့ပြင်ဘုံသဘောဆောင်သော ကချင် ဟူသည့် လူမျိုးအုပ်စုကြီးကိုလည်း မျိုးနွယ်စုအမည်စာရင်းတွင် ထပ်မံ ထည့်တွင်းထားသဖြင့် ဖောင်းပွခြင်း၊ ရှုပ်ထွေးခြင်း၊ အချင်းချင်း  အငြင်းပွားစေခြင်း များဖြစ်ပေါ်စေစည်းလုံး သွေးစည်းညီညွတ်မှုကို ပျက်ပြားစေပါသည်။ အစိုးရ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်း ဆောင်ရွက်မှု အပေါ်တွင်လည်း သံသယ ရှိမှုများဖြစ် တည်စေသည်ဟု သုံးသပ်ရရှိပါသည်။
 
() လူမျိုးနှင့်မျိုးနွယ်စုမေးခွန်းတွင်ပါရှိသော သတ်မှတ်ချက်များတွင် ဒေသအသုံး အနှုန်းနှင့် မျိုးနွယ်စုအမည်များ ရောထွေးနေသဖြင့် ရှင်းလင်းပြည့်စုံမှု မရှိခြင်း၊ အချို့မျိုးနွယ်စုများ ထပ်မံထည့်သွင်းရန် လိုအပ်နေခြင်းများကြောင့် မှန်ကန်မှု မရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ကချင်တိုင်းရင်းသား မျိုးနွယ်စုများအတွင်း မိမိတို့၏ မျိုးနွယ်စုအမည်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု လကဏာများ ပျောက်ကွယ်သွား မည်ကိုလည်းကောင်း၊ ရရှိနိုင်သည့်အခွင့်အရေးများ လက်လွတ် ဆုံးရှုံးသွားမည်ကို လည်းကောင်း စိုးရိမ်ပူပန်မှုများရှိ နေကြပါသည်ဟု သုံးသပ် ပါသည်။
 
(င) ကချင်ပြည်နယ်တွင် လက်ရှိအခြေအနေ  နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိခြင်း၊ အချို့ဒေသများတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် သန်းခေါင်းစာရင်း ကောက်ယူရာတွင် စာရင်းအတိအကျ ရရှိနိုင်ရန် အခက်အခဲ ရှိနိုင်မည်ဟု သုံးသပ်ကြ ပါသည်။ ထို့ပြင်  ပြည်သူလူထုအတွင်း ပြည့်စုံလုံလောက် သော ဆွေးနွေးမှု၊ အသိပေးမှု အားနည်းနေခြင်းကြောင့် ရရှိမည့် သတင်းအချက် အလက်များ  ပြည့်စုံမှန်ကန်မှု အားနည်း နိုင်ပြီး နိုင်ငံတော်၏ အနာဂါတ် လူမှု စီးပွားရေးစီမံကိန်းအတွက် မူဝါဒများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရာတွင်   ချို့ယွင်းအားနည်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ် ကြပါသည်။
 
(စ) သန်းခေါင်စာရင်းကောက်ခံရန် တာဝန်ရှိသောပုဂိုလ်များသည် ဒေသခံဘာသာ စကားနှင့် ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ သဘောသဘာဝကို သိရှိနားလည်မှု အားနည်းခြင်းရှိပါက အကြောင်းအရာများ မှားယွင်းဖြည့်စွက်မှုများ ရှိလာနိုင်သည်ဟု သုံးသပ်ကြပါသည်။
 
(ဆ) ဒေသခံ ကချင်လူမျိုး၊ မျိုးနွယ်စုများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး တိုင်ပင်ညှိနှိုင်းအဖြေရှာမှုမရှိဘဲ ဗဟိုမှတိုက်ရိုက် ဆုံးဖြတ်အတည်ပြုပြီး အောက်ခြေသို့ ချပြသည့်လုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရက ကျင့်သုံးဖော်ဆောင်  နေသော  ဒီမိုကရေစီ လုပ်ငန်းစဉ်များနှင့် သွေဖယ်ကာ ကွဲလွဲဆန့်ကျင် နေလျှက်ရှိ သည့်အပြင် ဒို့တာဝန်အရေး(၃)ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကိုလည်း ထိခိုက်စေနိုင်သည်ဟု မှတ်ချက်ပြုကြပါသည်။
 
အထက်ပါသုံးသပ်ချက်များပေါ်အခြေခံ ကချင်ပြည်သူလူထု အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ-
 
(၁) ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ နိုင်ရန် အစိုးရက သတ်မှတ်ပြုစုထားသော လူမျိုး၊ မျိုးနွယ်စုနှင့် သကေ(code number)များကို အစည်းအဝေးတက်ရောက်လာသူများ အားလုံး ကန့်ကွက်ပါ သည်။
 
သို့ဖြစ်၍ မိမိတို့ ကချင်ပြည်သူလူထုအဖွဲ့အစည်းများ လက်ခံသဘောတူညီ   ထားသော  ပြင်ဆင်လိုသည့်ပုံစံကို တင်ပြအပ်ပါသည်။
 
(၂) ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ကချင်တိုင်းရင်းသားမျိုးနွယ်စု အသီးသီးနှင့် လူမှုအဖွဲ့အစည်း များမှ ခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများနှင့်  တွေ့ဆုံ၊ ညှိနှိုင်း၊ ဆွေးနွေးမှုပြုလုပ်ပြီး ယခုထက်ပိုမို၍ ပွင်းလင်း မြင်သာမှုရှိစေရန်နှင့် လူထုအားလုံးသို့ သတင်းအချက် အလက်များ  ပေးပို့နိုင်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးပါရန် တောင်းဆိုအပ်ပါသည်။
 
(၃) အထက်ပါလုပ်ငန်းစဉ်များနှင့် အကြံပြုချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိ ၀န်ကြီး ဌာနမှ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန် တောင်းဆိုပါသည်။ အကယ်၍ ယခု အစည်းအဝေးမှ ရရှိသော လုပ်ငန်းစဉ်နှင့် အကြံပြုချက်များအပေါ် လက်ခံသဘော တူရန် အခက်အခဲရှိမည်ဆိုပါက တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး ရှင်းရှင်းလင်းလင်း သိရှိပြီး နားလည်သဘော တူလက်ခံနိုင်သည့် အချိန်အတိုင်းအတာ တစ်ခုသို့ ရွှေ့ဆိုင်းပေးပါရန် အကြံပြု တောင်းဆိုအပ်ပါသည်။
 
 

No comments:

Post a Comment