Pages

Monday, July 30, 2012

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သောအစိုးရအဆင့် သတ်မှတ်ချက်

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သောအစိုးရအဆင့် သတ်မှတ်ချက


Duwa Kachin

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု မြင့်မားနေခြင်းသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားခြင်း (Sanction) ကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်များက ဝေဖန်တတ်လေ့ ရှိပါတယ်။

ဆိုင်သလား၊ မဆိုင်ဘူးလား ဆိုတာ ကြည့်ကြရအောင်ပါ။ စင်ကာပူ အခြေစိုက် VRIENS & PARTNERS အဖွဲ့ဟာ နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုမှာ စီမံခန့်ခွဲမှု စိတ်ချရတဲ့ အစိုးရကောင်း (good governance) အဆင့် သတ်မှတ် ပေးလေ့ရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွက် အာရှ-ပစိဖိတ်ဒေသ နိုင်ငံ ၁၉ နိုင်ငံ ကို မဏ္ဍိုင် ၆ ခု (Six Pillars) နဲ့ တိုင်းတာပြီး အဆင့်သတ်မှတ်ရာမှာတော့ မြန်မာနိုင်ငံ က အားလုံးရဲ့ အောက်ဆုံးအဆင့် ၁၉ ဆွဲပါတယ်။ Laos နိုင်ငံတောင် မြန်မာနိုင်ငံအဆင့်ရဲ့ အပေါ်မှာ ပါ။ အံ့သြဖို့ကောင်း တာက စီးပွားရေး ပိတ်ဆို့တာနဲ့ လားလားမျှ မဆိုင်တာ တွေ့ရပါတယ်။ Sanction မလုပ်ထားတဲ့ အာရှနိုင်ငံ တွေလည်း ဘာဖြစ်လို့ မလာသလဲဆိုတော့ အခုအောက်မှာ ဖော်ပြပါ အချက် အလက်တွေကို ကြည့်ပြီး ကြောက်လို့ မလာတာ ပိုများပါသတဲ့။ ရင်းနှီးမြှုပ်နှံသူတွေဟာ အစိုးရ ကောင်းအဆင့် သတ်မှတ်ချက်မှာ မူတည်ပြီး စိတ်ချရတဲ့ နိုင်ငံတွေမှာ သူတို့ငွေတွေကို ဖြုန်းတတ် လေ့ရှိပါတယ်။ အစိုးရအနေနဲ့ အောက်ဖော် ပြပါ အရေးကြီး ကဏ္ဍတွေမှာတောင် စည်းကမ်းမရှိရင် တော့ ဘယ်လုပ်ငန်းရှင်မှ ရေရှည်အတွက် စဉ်းစား မှာ မဟုတ်ပါဘူး။ သယံဇာတ နှိုက်ယူမယ့် လုပ်ငန်း ရှင် အပေါစားတွေလောက်ပဲ လာမှာပါ။

အဲဒီ အဆင့်သတ်မှတ်ချက် မဏ္ဍိုင် ၆ ခု ကတော့ ...

“မြန်မာနိုင်ငံကို လာတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ စိတ်အဆင်းရဲဆုံးမှာ အခွန် ဘယ်မှာ ဆောင်ရမလဲ ဆိုတဲ့အချက် ဖြစ်ပါသတဲ့။ လမ်းကြောရှင်းတဲ့ကိစ္စ သူတို့ နားမလည်ပါ။ ၀န်ကြီး အိမ်မှာလား၊ လက်ဖက်ရည်ဆိုင်မှာလား၊ ၀ါးတားဂိတ် (၀ါးလုံးနဲ့ တားပြီးတောင်းတဲ့ ဂိတ်တွေ) မှာ ဆောင်ရင် ပြီးတာလား၊ ဘယ်တော့ ဆောင်ရမလဲ၊ ဘယ်လောက် ဆောင်ရ မလဲ၊ ဘယ်ရုံး များ သွားရမလဲ၊ တခါ ဆောင်ပြီးရင် ပြီးပြီလား။ ဘာမှ ရှင်းရှင်းလင်းလင်း မရှိတဲ့ နေရာမှာ အခွန်ဆောင်မယ့်ကိစ္စသည် သူတို့လုပ်ငန်းကို စီမံခန့်ခွဲတာထက် ပိုခက်တယ်တဲ့။”

(၁) ဥပဒေစိုးမိုးရေး (Rule of Law)

မြန်မာပြည်မှာ သိတဲ့အတိုင်း ဗိုလ်ချုပ်များက ဥပဒေရဲ့အပေါ်မှာ ခွထိုင်ထားတယ်၊ သူတို့ပါးစပ်က အရက်နံ့နဲ့အတူ ထွက်လာတဲ့ စကားက ဥပဒေထက် ပြင်းတယ်။ လိုတမျိုး၊ မလိုတမျိုး သုံးတဲ့ ဥပဒေမျိုးကလည်း ဖောင်းပွနေတယ်။ ဗြိတိသျှခေတ် ဥပဒေတောင် ပါသေး။ ဒီလိုနဲ့ အုပ်ချုပ်တာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ အခုလည်း မပြောင်းသေးဘူး ဆိုတဲ့ သဘောပဲ။

(၂) နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုမှာ ထင်သာမြင်သာရှိမှု (Openness to International Trade & Business)

ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းလောက်က ဘယ်အချိန်၊ ဘာတင်ပို့မှန်းလဲ မသိ၊ ပြည်သူ အများပိုင်းက ဘယ်သူ့ကို လျှောက်လွှာတင်ရမှန်းမသိ၊ ဘယ်ဌာန အရေးကြီးမှန်းလဲ မသိ၊ ဘယ်နေ့ ဘာလုပ်ပိုင်ခွင့် ချပေးမှန်းလဲ မသိ။ ဘာတင်သွင်းခွင့်ရှိမှန်းလဲ မသိ။ အများသိအောင်လဲ မကြေညာ။ ဖုံးဖုံးဖိဖိနဲ့ လုပ်စားနေတဲ့ အုပ်စုသာလျှင် ရှိသမျှ လုပ်ပိုင်ခွင့် အားလုံးသိမ်းကျုံးယူလိုက်မှ ... အော် ... သူက ကားပါမစ်၊ ဟော ... နောက်တယောက်က ကိုယ့်ရဲ့ဘိုးဘွားပိုင် ခြံမြေယာမြေရဲ့ ပိုင်ရှင်ဖြစ်သွား၊ ဟိုအဖွဲ့က ရှိရှိသမျှ သယံဇာတအားလုံး ပိုင်သတော်မူသော အရှင်သခင်ဖြစ်သွား၊ ဒီအဖွဲ့ က ထွက်ကုန် အားလုံးရဲ့ သခင်ဖြစ်သွား ... ဆိုတာမျိုးတွေပေါ့။ အခုလည်း ဒေါ်စု ပြောနေပြီ။ ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့နဲ့ ရေနံ တင်ပို့ရောင်းချမှုမှာ ထင်သာမြင်သာ မရှိဘူးတဲ့လေ။ ဘယ်သူတွေ ဘာလုပ် နေမှန်းလဲ မသိ။ အစိုးရက ဘယ်လောက်ပိုင်မှန်းလဲ မသိ။ အစုရှယ်ယာ ဘယ်သူ ဘယ်လောက် ရမှန်းလဲ မသိ။ အစုရှယ်ယာကို ပြည်သူတွေ ၀ယ်ပိုင်ခွင့် ရှိမှန်း၊ မရှိမှန်း မသိ။ ၀န်ကြီးအဖွဲ့နဲ့ ပြီးတာ လား၊ လွတ်တော်မှာ တရားဝင် ဆုံးဖြတ်ပြီး လုပ်တာလား။ ဘာမှမသိ။ နိုင်ငံ့အလယ်ဗဟိုတည့်တည့် ပိုင်းပြီး ပိုက်လုံးတန်းကြီး ကတော့ ပြီးခါနီးပြီ။

(၃) နိုင်ငံရေးတည်ငြိမ်မှု (Political Stability)

သိတဲ့အတိုင်း လွတ်လပ်ရေး ရကတည်းက ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ၊ လုံခြုံစိတ်ချရမှု မရှိ။

(၄) အခွန်စည်းကြပ်မှု (Taxation)

မြန်မာနိုင်ငံကို လာတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ စိတ်အဆင်းရဲဆုံးမှာ အခွန် ဘယ်မှာဆောင် ရမလဲ ဆိုတဲ့အချက် ဖြစ်ပါသတဲ့။ လမ်းကြောရှင်းတဲ့ကိစ္စ သူတို့ နားမလည်ပါ။ ၀န်ကြီးအိမ်မှာလား၊ လက်ဖက်ရည်ဆိုင်မှာလား၊ ၀ါးတားဂိတ် (၀ါးလုံးနဲ့ တားပြီးတောင်းတဲ့ ဂိတ်တွေ) မှာ ဆောင်ရင် ပြီးတာလား၊ ဘယ်တော့ ဆောင်ရမလဲ၊ ဘယ်လောက် ဆောင်ရမလဲ၊ ဘယ်ရုံးများ သွားရမလဲ၊ တခါ ဆောင်ပြီးရင် ပြီးပြီလား။ ဘာမှ ရှင်းရှင်းလင်းလင်း မရှိတဲ့ နေရာမှာ အခွန်ဆောင်မယ့်ကိစ္စသည် သူတို့လုပ်ငန်းကို စီမံခန့်ခွဲတာထက် ပိုခက်တယ်တဲ့။

(၅) အဂတိလိုက်စာမှု (corruption)

ဒီအကြောင်းကတော့ အားလုံးသိတဲ့အတိုင်း နိုင်ငံတကာ စံတင်ထားတဲ့အကြောင်းမို့လို့ ထူးထူး ထွေထွေ ပြောစရာလိုမယ် မထင်။ မြန်မာနိုင်ငံရဲ့ဝန်ထမ်း (စစ်ဗိုလ်အပါအ၀င်) များ၏ သားသမီးများ စင်ကာပူကျောင်းတွေမှာ၊ International School တွေမှာ၊ တလ ဆယ်သိန်းအထက် အကုန်ခံ နိုင်တယ်ဆိုတော့ မိုးပေါ်က ကျလာတဲ့ ငွေတော့ မဟုတ်လောက်ပါ။

(၆) ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု (Fiscal & Monetary Administration)

မြန်မာပြည်သူတွေ စိတ်အဆင်းရဲဆုံးကတော့ တလိမ့်လိမ့်တက်နေတဲ့ ကုန်ဈေးနှုန်းပါ။ ပြည်သူတွေက ကုန်ဈေးတက်တယ်လို့ပဲ မြင်တတ်တာလေ။ အစိုးရက ကျပ်ငွေလိုတိုင်း စာရွက် လိမ့်လိမ့်ထုတ်ပြီး ပြည်သူတွေမှာ ရှိနေတဲ့ ကျပ်ငွေတန်ဖိုး ကျကျသွားတာ မသိကြပါ။ အစိုးရက ပြည်သူတွေဆီက လုပ်အားတန်ဖိုး ညစ်ယူတဲ့ သဘောပါ။ သိတဲ့ လူတွေကတော့ ရွှေဝယ်စုပေါ့။ အခုလည်း ပြည်သူ တွေမှာ တကယ်လိုအပ်နေတာ ငွေအကြွေ၊ အစိုးရထုတ်တာ ကျပ် တသောင်းတန်။ ဒီတော့ ကျပ်ငွေ တန်ဖိုး လိမ့်ဆင်းနေပြီပဲ မဟုတ်လား။ ပြည်သူများကို ထင်သာမြင်သာ ချပြလေ့မရှိ၊ လိုသလောက် လိမ့်ထုတ်နေတဲ့ ငွေစက္ကူသည် ဖောင်းပွချင်သလောက် ဖောင်းပွနေတာ၊ နောက်နောင်လည်း ဘယ် ဂဏန်းထိ ထိုးတက်ဦးမည်မသိပါ။

ဒီလောက်အရေးကြီးတဲ့ အခန်းကဏ္ဍ အဲလိုကြီးဖြစ်နေရင်တော့ ဘယ်နှလပိန်းတုံး လုပ်ငန်းရှင်တွေက လာရဲတော့မလဲ။ သန်း ၆၀ ရှိတဲ့ ပြည်သူတွေကိုလည်း ဘယ်လို စီမံခန့်ခွဲနိုင်တော့မလဲ ...။

ဆင်းရဲမွဲတေမှု လျှော့ချရေး (Poverty Reduction) နဲ့ ကောင်းမွန်တဲ့ အစိုးရ (good governance) ဖြစ်အောင် လုပ်မယ်ဆိုပြီး မိန့်ခွန်းပြောနေတဲ့ သမ္မတကြီးအနေနဲ့ တကယ်တမ်း အပြောနဲ့အလုပ် ညီပါရဲ့လားဆိုတာ တိုင်းတာကြည့်ဖို့ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

Ref: http://www.vrienspartners.com/wp-content/uploads/2012/02/VP-2011-Good-Governance-for-International-Business-Index.pdf


Duwa Kachin

Duwa Kachin FB မှပြန်လည်ဖေါ်ပြပါသည်။

No comments:

Post a Comment