Pages

Wednesday, September 19, 2012

ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဘယ်တော့ … ဘာကြောင့် … ဘယ်လို

ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဘယ်တော့ … ဘာကြောင့် … ဘယ်လို
(Tu Maung Nyo)
 
၁၇ စက်တင်ဘာ ၂၀၁၂

ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဘဘ ဦးရွှေအုံး (၁၉၂၃- ၂၀၁၀) ကို အောက်မေ့ သတိရလို့ ဒီလိုခေါင်းစဉ် တတ်လိုက် တာဖြစ်ပါတယ်။ ဦးရွှေအုံး ၁၉၉၃ အမျိုးသားညီလာခံ (ကျိုက္ကဆံ) သို့ တင်ပြတဲ့ စာတမ်းအမည်က “တတိယ ပြည်ထောင်စု မြန်မာနိုင်ငံ သို့ (ဘယ်တော့ ဘာကြောင့် ဘယ်လို)”ဟူ၍ ဖြစ်ပါတယ်။
 
ဒီချုပ်ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဆိုတာ “လာမယ် – ကြာမယ်- မျှော်”ဆိုတဲ့ သဘောမျိုး ထင်ပါတယ်။
 
ဒီချုပ် မှာ ဥက္ကဋ္ဌရဲ့ နိုင်ငံခြားခရီးစဉ်တွေ၊ ညီလာခံခေါ်ယူရေးကိစ္စတွေနဲ့ လုံးလည်ချာလည် လိုက်နေ တော့ “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး” ဆိုတဲ့ ဘာသာရပ်အတွက် အလှည့်မကျနိုင်သေး ဘူးလို့ ထင်မြင် ယူဆစရာဖြစ်ပါတယ်။
 
သို့သော်လည်း “ဒီလှိုင်းစာစောင်” အတွဲ ၁၊ အမှတ် ၃၂၊ (၂၇ – ၈ – ၂၀၁၂) မှာ “အခြေခံဥပဒေ ပြင်ဆင် ရေးလှုပ်ရှားမှု ပြည်သူ့လွှတ်တော်အတွင်းပေါ်ပေါက်လာလျှင်” ဆိုတဲ့ “ဒီလှိုင်းအာဘော်” ကနေ တို့ထိထား တာလေး ဖတ်လိုက်ရပါတယ်။
 
“ဒီလှိုင်းအာဘော်” ထဲမှာရေးထားသလို သမ္မတက “ဖွင့်ဟပေးလိုက်သကဲ့သို့” ရှိတဲ့ အခြေခံဥပဒေ
ပြင်ဆင်ရေးလမ်းကြောင်းကို လွှတ်တော်ထဲမှာ တစ်ခွန်းမှ မဟဘဲ၊ ဥပဒေကြောင်းအရ မှန်တယ် ဘက်ကို ထောက်ခံတယ်ဆိုပြီး စွပ်စွဲပြစ်တင်နုတ်ထွက်စေတဲ့ လမ်းကြောင်း နောက် ဒီချုပ် အမတ်တွေ ကောက် ကောက်ပါအောင်လိုက်သွားခဲ့ကြပါတယ်။
 
လွှတ်တော်ထဲမှာပေါ်လာတဲ့ ဦးသိန်းစိန်လမ်းကြောင်း ( ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး) နဲ့ ဦးရွှေမန်း လမ်းကြောင်း ( စွပ်စွဲ ပြစ်တင်နုတ်ထွက်စေရေး) လမ်းကြောင်း ၂ ခု အနက် ဒီချုပ်အမတ် တွေဟာ ဦးရွှေမန်းလမ်းကြောင်းကို လျှောက်ခဲ့ကြပါတယ်။

“— ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး မိမိထံ ခွင့်ပန်ကြားရင်းနဲ့ စွပ်စွဲပြစ်တင်မှုကိစ္စပြု လုပ်တဲ့အခါမှာ မိမိသည်သော်လည်းကောင်း၊ မိမိပါတီသော်လည်းကောင်း လွှတ်တော်သို့ တင်ပြထားတဲ့ ရပ်တည်ချက်အတိုင်း ရှိပါ ကြောင်း၊ ဒီလိုလည်း မိမိထံ တင်ပြသွား တာရှိပါတယ်။ ”လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်အစည်းအဝေး မှာ ပြောပါ တယ်။
 
“ဒီလှိုင်းအာဘော်” မှာ ညွန်းထားတဲ့ လောလောဆယ်အားဖြင့် ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် ဖြုတ်ပယ် အစားထိုးရန် လိုအပ် သော “အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ဆိုတာက လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ “အထူးကြေညာချက် ၄/၀၃/၀၈ ” ကို ရည်ညွန်းပုံရပါတယ်။
 
“လစ်ဟင်းခဲ့ပါတယ်” လို့ ကျမ်းသစ္စာကိစ္စမှာတုန်းကလို ထပ်ပြီးမပြောကြရအောင် ပြင်ဆင်ရေးဆွဲ၊ ဖြုတ်ပယ်အစားထိုးရန် လိုအပ်တဲ့ အချက်များကို ဒီချုပ်ဥပဒေပညာရှင်များအနေနဲ့ ဒီထက်ပိုပြီး တိတိ ကျကျနဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြင်ဆင်ထားသင့်ပါ တယ်။
 
ဖွဲ့စည်းပုံအခြေခ့ဥပဒေ ပင်ဆင်ရေးဆိုတာ ဒီကနေ့တည်ရှိနေတဲ့ လွှတ်တော်ထဲက အမတ်အချိုးအစား နဲ့ဆိုရင် မလွယ်ကူဘူး/ မဖြစ်နိုင်ဘူးဆိုတာ လူပြိန်းတောင်သိပါတယ်။ ဒီချုပ်အမတ်တွေက စစ်သား အမတ်တွေကို စည်းရုံးနိုင်ခဲ့ရင်တောင် မလွယ်ကူပါဘူး/ မဖြစ် နိုင်ပါဘူး။
 
စစ်သားအမတ်တွေ အခြေခံဥပဒေပြင်ဆင်ရေးဘက် ပါဝင်လာဖို့ “စည်းရုံးတယ်” ဆိုတာကလည်း ကျောက်ခဲ ရေညှစ်တာကမှ အလွယ်တကူရေထွက်ပါလိမ့်မယ်။ စစ်သားအမတ်တွေဟာ ကာချုပ်ရဲ့ “တစ်သွေး၊ တစ်သံ၊ တစ်အမိန့်” နဲ့ လွှတ်တော်ထဲ သွားထိုင်ကြရ သူတွေဖြစ်ပါတယ်။ သူတို့တတွေ ဟိုတိမ်း၊ ဒီယိမ်းလို့ မဖြစ်နိုင်ပါဘူး။ ကာချုပ်အမိန့်ပေးတဲ့အတိုင်း ထောက်ခံမဲ/ကန့်ကွက်မဲ/ကြားနေမဲ ပေးကြရမယ့် သူတွေဖြစ်ပါတယ်။

တစ်ခုတော့ရှိတာပေါ့ ဒီချုပ် ဥက္ကဋ္ဌအနေနဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ဆိုသူတွေနဲ့ ထိတွေ့နေသလို ကာချုပ်နဲ့ထိတွေ့ပြီး သူ့သဘောထား ဘယ်လိုရှိမယ်ဆိုတာ တီးခေါက်မကြည့်သင့်ပေဘူးလား။ စစ်သားအမတ်တွေနဲ့ ရင်းနှီးအောင် ထမင်းဖိတ်ကျွေးရမလား လို့ ရယ်သွမ်းသွေးပြီးပြောဖူးတာလဲရှိလို့ အဆိုပြုကြည့်တဲ့သဘောပါ။
 
ဒီနေရာမှ ကျနော် သတိပြုမိတဲ့ အချကတစ်ခုတင်ပြပါရစေ။
 
ဒီချုပ်ဥက္ကဋ္ဌ က “တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်းအေးချမ်းရေးကော်မတီ” ဖွဲ့စည်းရာ မှာ စစ်သား အမတ် တစ်ဦးထည့်ပေးဖို့ အဆိုပြုပုံရပါတယ်။
 
ဒါကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ပြောကြားချက်မှာ
 
“ကျွန်မကတော့ တာဝန်တစ်ခုပေးအပ်မယ်ဆိုရင် တာဝန် ကျေချင်တယ်။ ကျေအောင်လည်း ဆောင်ရွက် မယ်။ ကျေအောင်ဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျွန်မတစ်ယောက်တည်းနဲ့ မဖြစ်ဘူး။ ကော်မတီမှာ ပါဝင်ကြမယ့် ပုဂ္ဂိုလ်များလည်း လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ကော်မတီ မှာ ထည့်ပေးပါ” ဆိုပြီးတော့ကျွန်တော့် ကို တစ်ဖန်ပြန်လည် မေတ္တာရပ်ခံတောင်းခံခဲ့ပါတယ်။ ကျွန်တော်လည်း ဒေါ် အောင်ဆန်းစုကြည်ရဲ့ လိုလားဆန္ဒရှိတဲ့ ပုဂ္ဂိုလ်အသီးသီးကို ဒီကော်မတီထဲ ကိုရောက်ရှိရေးအတွက် ကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော် မဖြည့်ဆည်းပေးနိုင်တာတော့ ဒါတစ်ဖွဲ့တစ်ဦးပဲရှိပါ တယ်”  ဆိုပြီး ငြင်းပယ်လိုက်ပါတယ်။

ဒီအချက်သေချာစေဖို့ ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ (၁)နှစ်သက်တမ်းရှိတဲ့ (အခြား ကော်မတီ)လို့ဆိုတဲ့ ကော်မတီနဲ့ ကော်မရှင်များကို တစ်ခုချင်း ကျနော် စိစစ်ကြည့်ပါတယ်။ ယခုအခါ ပြည်သူ့ လွှတ်တော်တွင် “အခြားကော်မတီ” ၂၀ နဲ့ ကော်မရှင် ၁ ခုဖွဲ့ စည်းထားပါတယ်။
 
မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) စာမျက်နှာ ၅ နှင့် ၆ မှာဖေါ်ပြပါရှိတဲ့ “အခြားကော်မတီ” (၁၉)ခုကို စိစစ်ကြည့်ရာမှာ ကော်မတီ(၁၉)ခုအနက် ကော်မတီ(၅) ခုမှာ စစ်သား အမတ်များအဖွဲ့ဝင်အဖြစ် ပါရှိနေတာကို အောက်ပါ အတိုင်းတွေ့ရှိရပါတယ်။
 
- ဗိုလ်မှူးကြီးမြင့်ကိုကို နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ
- ဗိုလ်မှူးကြီးတင့်ဆန်း နိုင်ငံတကာဆက်ဆံရေးကော်မတီ
- ဗိုလ်မှူးတက်ထွန်းအောင် တရားစီရင်ရေးနှင့်ဥပဒေရေးဆိုင်ရာကော်မတီ
- ဗိုလ်မှူးကြီးဌေးနိုင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ
- ဗိုလ်မှူးသန်းဇော်ဦး ရေကြောင်းပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ
 
ဒါ့အပြင် တစ်ခုတည်းသောကော်မရှင်ဖြစ်တဲ့ “ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်” မှာ လည်း ဒုတိယဗိုလ်မှူးကြီး အောင်ခင်သိန်း ပါဝင်နေ တာကို တွေ့ရပါလိမ့် မယ်။
 
သို့သော်လည်း အခုနောက်ပိုင်းမှာ စစ်သားအမတ်တွေ “အခြားကော်မတီ”တွေနဲ့ကော်မရှင်တွေမှာ မပါဝင်စေဖို့ (ကာလုံ) ထဲမှာ သူတို့ချင်း ညှိလိုက်ကြပုံပေါ်ပါတယ်။သက်ဆိုင်ရာ ကော်မတီမှာ စစ်သား အမတ်တွေပါနေရင် သက်ဆိုင်ရာကော်မတီတွေရဲ့ အစီရင်ခံစာ များကိုလွှတ်တော်ထဲမှာ မဲခွဲအဆုံး အဖြတ်ယူတဲ့အခါ စစ်သားအမတ်အများစုနဲ့ဆန့်ကျင်ဘက်ဖြစ်မှာကို စိုးရိမ်ပုံရပါတယ်။

ဒါကြောင့် ကော်မတီတွေမှာ ယခင်ကအဖွဲ့ဝင်များ အဖြစ်ထည့်ထားခဲ့တဲ့ စစ်သားအမတ်တွေကို ဖယ်ထုတ် အစားထိုးလိုက်ပုံရပါ တယ်။
 
ယခုအခါ ပြည်သူ့လွှတ်တော် website မှာ ကို ဖေါ်ပြထားတဲ့ “အခြားကော်မတီများစာရင်း” နဲ့ မြန်မာ့ အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) စာမျက်နှာ ၅ နှင့် ၆ မှာဖေါ်ပြပါရှိတဲ့ “အခြား ကော်မတီများစာရင်း” ကိုနှိုင်းယှဉ်စိစစ်ကြည့်လျှင် အဆိုပါ စစ်သားအမတ်များကို အခြားသော လွှတ်တော် ကိုယ်စားလှယ်များနဲ့ လဲလှယ်အစားထိုးထားတာတွေ့မြင်ရပါလိမ့်မယ်။
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းရဲ့ခါးပိုက်ဆောင်ကော်မရှင်(ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်)မှာ ပါဝင်တဲ့ ဒုတိယဗိုလ်မှူးကြီးအောင်ခင်သိန်းဟာ စစ်သား အမတ် မဟုတ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေ ချုပ်ရုံးမှ ဖြစ်ပါတယ်။
 
ဒီတော့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္တပုံမှန် အစည်း အဝေး(၂၁) ရက်မြောက်နေ့မှာ (၂၀)ခုမြောက် ဖွဲ့စည်းခဲ့သော “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ” မှာ အဖွဲ့ဝင်အဖြစ်စစ်သားအမတ်တစ်ယောက် ရရှိရေး ဒီချုပ် ဥက္ကဋ္ဌတောင်း ဆို ချက် မရနိုင်ဘူး/မဖြစ်နိုင်ဘူးဆိုတာရှင်းသွားပါတယ်။
 
စစ်သားအမတ်အားလုံးဟာ ကာကွယ်ရေးဦးစီးချုပ် အမိန့်ပေးစီမံခန့်ခွဲမှု တစ်ခုတည်း အောက်မှာ ရှိရမှာပါ။
 
စစ်သားအမတ်တွေအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အဖြစ်ခန့်အပ်ထားတဲ့ စစ်ဗိုလ် တွေကို ကာကွယ်ရေး ဦးစီးချုပ်က စိတ်ကြိုက်ချယ်လှယ်စီမံနိုင်ပါတယ်။

ဒီအချက်တွေဟာ “ဒီလှိုင်းအာဘော်” မှာ ညွန်းထားတဲ့ လောလောဆယ်အားဖြင့် ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် ဖြုတ်ပယ် အစားထိုးရန်လိုအပ်သော “အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ထဲက အချက်အမှတ် (၃၊ ၄၊ ၅၊ ၆၊ ၇၊ ၉၊ ၁၀) တို့နဲ့ အပြန်အလှန် ဆက်နွယ် နေတဲ့ အချက်တွေပဲဖြစ်ပါတယ်။
 
“အခြေခံဥပဒေ ပုဒ်မ ၁၂ ခု” ခုဆိုတာဟာ လောလောဆယ် ပြင်ဆင်အစားထိုးရန်သာဖြစ်ပြီး ဒီချုပ်ရဲ့ အရင်းမူလသဘောထား အဖြစ် ယူဆနိုင်ဖွယ်ရာရှိတဲ့ သဘောထားကို “ဒီလှိုင်းအာဘော်” မှာ အောက်ပါ အတိုင်း အတိအလင်း ထည့်သွင်းရေးသားဖေါ်ပြထားပါ တယ်။
 
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ကား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖာထေးပြုပြင် နေရုံမျှဖြင့် ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ထိရောက်ထွန်းပေါက် အကျိုးသက်ရောက် စေနိုင်လိမ့်မည် ဟု မယုံကြည်ပေ။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်လုံးကို ဒီမိုကရေစီ ခေတ်ပြောင်းကာလနှင့် လိုက်လျောညီထွေ ဆီလျော် အပ်စပ်မှုရှိစေရန် အတွက် အသစ်ရေးဆွဲ ခြင်းသည်သာ အလျော်ကန်၊ အသင့်မြတ်ဆုံး ဖြစ်လိမ့်မည်ဟုယူဆပေသည်။ ”
 
ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲခြင်းသည် အလျော်ကန်ဆုံး၊ အသင့်မြတ်ဆုံးဖြစ်ပါတယ်။
 
သို့သော်လည်း ဤအရာကား “ဒီလှိုင်းအာဘော်”မျှသာဖြစ်သည်။ “ဒီချုပ်အာဘော်”မဟုတ် ဟုပြောလာ လျှင် မည်သို့ရှိမည်နည်း။
 
“ဒီချုပ်နဲ့ သော့ခလောက်ကြီး အာဘော်ဆောင်းပါး” တွင် ကျနော်တို့ မျက်စေ့လည်ခဲ့ရဖူးပြီ။
 
သို့အတွက် ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဘယ်တော့ — ဘာကြောင့် — ဘယ်လို ဆိုတဲ့လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ပတ်သက်ပြီး အခွင့်အလန်းနှင့်စိန်ခေါ်မှုများကို ပြည်သူများ၊ ဒီချုပ်ပါတီဝင် များ၊ အခြားသော မဟာမိတ်ပါတီများ ရှင်းရှင်း လင်းလင်း သိရှိစေရန် ဖော်ထုတ် တင်ပြ အသိပေးသင့်ပြီ ဖြစ်ပါကြောင်း။

No comments:

Post a Comment