Pages

Tuesday, September 4, 2012

အိုင်းအနာကြီးပေါ်က အနာလေးကိစ္စ …


 အိုင်းအနာကြီးပေါ်က အနာလေးကိစ္စ …
ဒေါက်တာလွဏ်းဆွေ
 
တကယ်တော့ စစ်အာဏာရှင်စနစ်ဆိုတာက မြန်မာနိုင်ငံဆိုတဲ့ ခန္ဓာကိုယ်ကြီးပေါ်မှာ နှစ်ပေါင်း ၅၀ ကျော် အမြစ်တွယ် ဒုက္ခပေးလာတဲ့ အိုင်းအနာကြီးပါ (အခုအထိလည်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ စစ်အုပ်စုက စစ်အာဏာရှင်စနစ်ကို ပုံစံသစ်တမျိုးနဲ့ ခေတ်မီမီ အသက်သွင်းနိုင်အောင် အားသွန် ခွန်စိုက် ကြိုးစားနေဆဲ ဆိုတာကို မြင်တတ်သူတွေ တွေ့နိုင်မှာပါ)။
 
တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ ဘင်္ဂလီအရေး၊ တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ်လူမျိုးများ အရေး … ဆိုတာတွေက မှားယွင်းအုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ သက်ဆိုင်ရာ ၀န်ထမ်းတွေ အူမ မတောင့် သီလမစောင့်နိုင်ကြဘဲ အကျင့်ပျက်ခြစားခဲ့မှုတွေကြောင့် ဖြစ်တည် လာရတဲ့ ဆင့်ပွားအနာတခုပါ။
 
ပြောရရင် အိုင်းအနာကြီးကို အမြစ်ပြတ်ပျောက်ကင်းအောင် အလျင်အမြန် မကုသနိုင်ခဲ့တဲ့အတွက် နောက်ဆက်တွဲ ဖြစ်လာရတဲ့ ဆင့်ပွားအနာပါ။ သူ့ချည်းပဲဆို ‘အနာလေး’ လို့ မဆိုသာပေမယ့် အိုင်း အနာကြီးနဲ့ ယှဉ်လိုက်ရင်တော့ အနာကြီးပေါ် အနာလေး ဆင့်လာခြင်းပါပဲ။ မြန်မာနိုင်ငံတော်ကြီး အရှည်သဖြင့် တည်တံ့ထွန်းကားရေးအတွက်ဆို ဒီအနာလေးကိုလည်း ပျောက်ကင်းအောင် ကုသရမှာ အမှန်ပါပဲ။
 
ဒါပေမယ့် အိုင်းအနာကြီးပေါ်မှာ ဆင့်နေတဲ့ အနာလေးဖြစ်တဲ့အတွက် အိုင်းအနာကြီးကို အမြစ်ပြတ် ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဒီအနာလေးကို ပျောက်ကင်းအောင် ကုနိုင်မှာ မဟုတ်ပါဘူး။
 
ကချင်အရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး တိုက်ပွဲဝင်မှု … ဆိုတာတွေက မြန်မာပြည်သူ တွေ လျစ်လျူရှုခဲ့လို့ အရေးနိမ့်ခဲ့ရင် စစ်အာဏာရှင်နစ်ဆိုတဲ့ အိုင်းအနာကြီးကို ပိုပြီးရင်း ပိုပြီးကြီးထွား လာစေမှာ ဖြစ်သလို အောင်မြင်တဲ့အထိ ညီညီညွတ်ညွတ် စုစုစည်းစည်း တိုက်ပွဲဝင်နိုင်ခဲ့ရင် စစ်အာဏာရှင်စနစ် ဆိုတဲ့ အိုင်းအနာကြီးကို လုံးဝ အမြစ်ပြတ်ပျောက်ကင်းသွားစေတဲ့အထိ တက်လှမ်း သွားနိုင်မယ့် ပြည်သူ့ အရေးကိစ္စတွေပါ။
 
အဲဒါကြောင့် အိုင်းအနာကြီးပေါ်က အနာလေး ပျောက်ကင်းရေးအပေါ် လတ်တလော တိမ်းညွတ် နေကြသူ တွေကို စစ်အာဏာရှင်စနစ်ဆိုတဲ့ အိုင်းအနာကြီးကို လုံးဝ အမြစ်ပြတ်ပျောက်ကင်းအောင် အရင်ကုသရေး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းချင်ပါတယ်။
 
အိုင်းအနာကြီး အမြစ်ပြတ်ပျောက်ကင်းမှသာ တဖြေးဖြေး သေးကျုံ့လာမယ့် တရားမ၀င် လူမျိုးခြား အရေး အနာကို အမာရွတ်ပါ မကျန်အောင် လူသားဆန်တဲ့ နည်းတွေနဲ့ ကျနော်တို့ ဆက်လက် ကုစားကြပါစို့လို့ တိုက်တွန်းပါရစေခင်ဗျား။
 
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၃၉ နာရီ
၅-၉-၂၀၁၂
 

No comments:

Post a Comment