Pages

Sunday, June 3, 2012

ပင်လုံကို ချစ်ပါ


 ပင်လုံကို ချစ်ပါ

နိဒါန်း
ကတိသစ္စာတည်မြဲမှုသည် လူတစ်ယောက်၏ တန်ဖိုးပင်ဖြစ်သည်။ ကတိဆိုရာမှာလည်း အမျိုးမျိုး ကွဲသေးသည်။ နှုတ်ကတိ စာကတိ နားလည်မှုကတိ။
မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး၊ လူမျိုးရေး ပြသာနာအားလုံးမှာ ကတိမတည်မှုကြောင့် ဖြစ်ခဲ့ ရသည့် ဖြစ်နေရသည့် ပဋိပက္ခဖြစ်သည်ဟု ဆိုသော်လွန်အံ့မထင်။ ရွေးကောက်ပွဲပြီးလျင် စစ်တန်း လျားပြန်မယ် ဆိုသောကတိ။ ဒီကတိကို မတည်နိုင်သောကြောင့် တင်းမာမှုတွေ ဖြစ်ကုန်ကြသည်။ ကတိပေးသူက ပေးပြီး ဖောက်ဖျက်သူက မရှက်မကြောက်ဖောက်ဖျက်ခဲ့ကြသည်။ ကတိပေးသူက မပိုင်နိုင်ဘဲ၊ အားလုံးကို ကိုယ်စားမပြုနိုင်ဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကတိကျွံခဲ့သဖြင့် နောက် ကွယ်မှလူများ၏ မျက်နှာအိုးမဲသုတ်ခြင်း ခံရသည်ဟုသာ အကြမ်းဖျင်းမှတ်ယူထားရပေမည်။

ပြန်ဆန်းစစ်ကြည့်ကြပါစို့။

မြန်မာနိုင်ငံရေးသမိုင်းတွင် ကတိသစ္စာဖောက်ဖျက်မှုသည် ဤအဖြစ်အပျက်မတိုင်မီ နှစ်ပေါင်းများစွာ ကတည်းကပင် ရှိခဲ့ပေပြီ။ ပင်လုံကတိက၀တ် ချိုးဖောက်မှုပင်။ ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်ခဲ့ သော၊ မျှော်မှန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ တစ် နည်းဆိုသော ဗိုလ်ချုပ်အောင်ဆန်းကို သစ္စာဖောက်ခြင်းဖြစ်သည်။ ကချင်အပါအ၀င် တိုင်းရင်းသား များက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်သည်။ လေးစားသည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ရိုသားသော ဗမာလူမျိုးတစ်ဦးပီပီ ဖြောင့်မတ်သည်။ သို့သော် နောက်ကွယ်မှ သဘောထား သေး သိမ်သည့် အမြင်ကျဉ်းမြောင်းသည့် ဗမာခေါင်းဆောင်တစ်ချို့က ဗိုလ်ချုပ်မျက်နှာ အိုးမဲသုတ်သည်။ အသက်ထက် ကတိကို တန်ဖိုးထားတတ်သည့် ဗမာတို့အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ကတိ က၀တ်ချိုးဖောက်သူပမာ အထင်ခံရစရာဖြစ်နေသည်။ ဗိုလ်ချုပ်ကို ချစ်သူတိုင်း သတိပြုဆင်ခြင် စရာပင်။

ဗိုလ်ချုပ်က ဘာတွေမျှော်မှန်းပြီး ဘာတွေ ကတိပေးခဲ့ပါသလဲ?
 ကချင်နှင့် တိုင်းရင်းသားများအရေး ပြောလျှင် သမိုင်းနှင့် ပင်လုံကို မပြော၍မဖြစ်။ ဒါတွေက အသက် ဖြစ်သည်။ သမိုင်းတလျှောက် တိုင်းရင်းသားများနှင့် ဗမာ တကယ်က သူ့အောက်ရောက်လိုက်၊ ကိုယ့်အောက်ရောက်လိုက်၊ သီးခြားလွတ်လပ်သွားလိုက်၊ ဘုရင့်တပ်များက သွားရောက် တိုက်ခိုက် လုယက်လိုက်၊ ဖြစ်နေသည်သာရှိသည်။ ဘာမှမထူးဆန်း၊ ရိုးမယ်ဖွဲ့စရာမလို။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်အူတုံဆင်း ညီရင်းအစ်ကို ဆိုတာတွေနှင့် ဗာရာဏသီချဲ့စရာမလို။ ပထမ၊ ဒုတိယ၊ တတိယ စသည် မြန်မာနိုင်ငံကြီးတွေအကြောင်းလည်း ခဏခဏပြောကြသည်။ ဒီလိုသာ ပြောကြေးဆိုလျှင် အယုဒ္ဒယ၊ ဇင်းမယ်၊ အာသံ၊ မဏိပူရ စသည်တို့ပါ မြန်မာနယ်နိမိတ်အတွင်း သက်ဆင်းခဲ့ရဖူးသည့်အတွက်၊ ၎င်းတို့ကိုပါ တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား ညီအစ်ကိုတွေအဖြစ် သွတ်သွင်းသိမ်းပိုက်သင့်သည်။ မြန်မာနယ်နိမိတ်အတွင်း သက်ဆင်းဖူးသည့် နယ်ပယ် အချင်းချင်းတွင် လက်ရှိပြည်နယ်များကိုတော့ တိုင်းရင်းသားများဟု သတ်မှတ်ပြီး အထက် ပါတိုင်းပြည်နှင့် လူမျိုးများကိုမူ တစ်ချိန်က မြန်မာတိုင်းရင်းသားဖြစ်ခဲ့ဖူးကြောင်းပင်မဖော်ပြဘဲ လက်နက်နိုင်ငံတော်နယ်ပယ်အဖြစ်သာ ဖော်ပြထားသည်မှာ စိတ်မချင့်မရဲဖြစ်စရာပင်။ ဘာတွေ များကွာနေလို့ပါလိမ့် စဉ်းစားစရာပင်။ မှန်ပါသည်။ ကွာသည့်အချက်မှာ အဆိုပါ ဒေသများသည် မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမရှိ၊ ပြည်မနေ ဗမာတိုင်းရင်းသား များနှင့်အတူ လွတ်လပ်ရေး ရယူရန်လည်း လက်မှတ်ထိုးမထားသောအချက်ပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်က အင်အားတောင့်တင်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ရန် မျှော်မှန်းသည်။ ထို့ကြောင့် တောင်ပေါ်ဒေသနေ ပြည်ထောင်များကို လိုက်လံ စည်းရုံးသည်။ ကချင်၊ ချင်း၊ရှမ်း။ ယခင်မြန်မာနိုင်ငံတော် အဆက်ဆက်သည် လက်နက်အားကိုးဖြင့် သိမ်းပိုက်ခဲ့သည့် ကိုလိုနီ နယ်ပယ်များ စုစည်းမှုသာဖြစ်ရာ ယခုပြည်ထောင်စုမြန်မာနိုင်ငံကမူ ပြည်ထောင်များအားလုံး မိမိတို့ ပြည်သားများ၏ လွတ်လပ်သော သဘောထားဖြင့် အင်တိုက်အားတိုက်ပါဝင်လိုသော သဘောထားရှိမှ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ဤသို့ဖြစ်စေချင်သည်။ အတင်းအဓမ္မ သိမ်းပိုက်သွတ်သွင်း ၍ ဖွဲ့စည်းထားသော ကိုလိုနီစုနိုင်ငံကို သဘောမကျချေ။ တိုင်းရင်းသားအားလုံး စိတ်တူကိုယ်တူနှင့် အခွင့်အရေးတန်းတူစွာ လက်တွဲချီတက်သွားရန် ဆန္ဒရှိသည်။ အမှန်တကယ်လည်း ဤကိစ္စအတွက် အသက်စွန့်ဆောင်ရွက်ခဲ့သည်။ ကတိစကားတစ်ခွန်းအတွက် ဆောင်ရွက်စဉ် အသက်စွန့်သွား ရှာသည်။ မည်မျှ မြင့်မြတ်ပါသနည်း။ မည်မျှ လေးစားဖွယ်ကောင်းပါသနည်း။ ဗိုလ်ချုပ်အောင်ဆန်းကို ဆက်ခံပြီး တိုင်းရင်းသားအရေးအာရုံမရသည့် နောက်လိုက်ပုဂ္ဂိုလ်များနှင့် ကွားခြားလှသည်။ ဤသို့ နှယ် ဗိုလ်ချုပ်မပြီးပြတ်ခဲ့သော လုပ်ငန်းကိုဆက်လက် ကြိုးပမ်းဖေါ်ဆောင်ရန်မှာ ဗိုလ်ချုပ်အောင်ဆန်း ၏ ကျေးဇူးတရားကို ခံယူသူ လက်ရှိမြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

ဗိုလ်ချုပ်နေရာ ဆက်ခံသူတွေ လူပါးဝပုံက ရွံဖို့ပင်ကောင်းလှသည်။ နောက်ပိုင်း ပုဂ္ဂိုလ်များက ပိုဆိုး သည်။ ၀ါဒဖြန့်ပုံများက အောက်တန်းကျလွန်းသည်။ မြန်မာနိုင်ငံ နယ်နိမိတ်ကို နဂိုကပင် ဆွဲထားပြီးမှ ကချင်များ ၀င်ရောက်လာသဖြင့် ကချင်ပြည်နယ်အဖြစ် ပြည်မဗမာအာဏာပိုင်တို့က သဘေားထား ကြီးစွာ ရက်ရောစွာ သတ်မှတ်ပေးလိုက် သယောင်ယောင် ရေးသားဝါဒဖြန့်မှုတွေ တွေ့နေရသည်။ အမှန်က နိုင်ငံသတ်မှတ်ပြီးမှ ပြည်နယ်ပြန်ခွဲခြင်းမဟုတ်၊ ပြည်ထောင်များ စုစည်း၍ နိုင်ငံတည်ထောင် ခြင်းသာဖြစ်သည်။ နောက်တစ်ချက်က ပင်လုံရှိ ပြည်ထောင်စု ကျောက်တိုင်ကိစ္စဖြစ်သည်။ မူလ ကျောက်တိုင်တွင် တောင်တန်း-ပြည်မ သွေးစည်းရေး ကျောက်တိုင်ဟု ရေးထားသော်လည်း နောက်ပိုင်း ကျောက်တိုင်အသစ်ပြန်စိုက်ထူသောအခါ ပြည်မ-တောင်တန်း သွေးစည်းရေး ဖြစ်သွား သည်။ ကျောက်တိုင်ပေါ်တွင်ပင် ဦးစားမပေးလိုသော၊ အလွန်အကျူးရှေ့ရောက်ချင်နေသော အင်မတန်လေးစားထိုက်သည့် အားကိုးထိုက်သည့်၊ လူကြီးလူကောင်းဆန်သည့် ပြည်မဗမာ အစိုးရ ပါပေ။

ပင်လုံသစ္စာအဖောက်ခံရမှု

၁၉၆၂ မှစ၍ ပင်လုံစာချုပ်ကို အတည့်အလင်း ဖောက်ဖျက်ကြပါတော့သည်။ စာချုပ်အရ ဖယ်ဒရယ်မူ တောင်းပိုင်ခွင့်ရှိသည်။ တရားဝင်တောင်းဆိုသောအခါ စာချုပ်ကို လက်နက်နှင့် ချိုးဖောက်ကြတော့ သည်။ ကတိက၀တ်ကို အင်အားဖြင့် ပယ်ဖျက်လိုက်ကြတော့သည်။ ပင်လုံစာချုပ်ကို ဖောက်ဖျက် လိုက်ပြီ ဖြစ်သဖြင့် ပြည်ထောင်စု မရှိတော့ပေ။ ပြည်နယ်စု ကိုလိုနီသာရှိတော့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ဆက်ခေါ်နေသူများ ရှက်တတ်လျှင် လည်းသေဖို့ကောင်းသည်။ အမှန်က ပြည်နယ်စုမြန်မာနိုင်ငံတော်ကြီးသာ ဖြစ်သည်။ ဤသို့ပင်လုံကတိသစ္စာချိုးဖောက်မှုသည် ပြည်မရှိ ဗမာအစိုးရအတွက် ရာဇ၀င်တွင် ပြန်၍ အဖတ်ဆယ်ရန်ခက်ခဲသော အောက်တန်းကျမှုပင်ဖြစ်သည်။ သာမန်ကတိဖောက်ဖျက်မှုသည် ထွေးပြီးသား တံတွေးပြန်မြိုသကဲ့သို့ ဖြစ်လျှင်၊ ပင်လုံစာချုပ် ချိုး ဖောက်မှုသည် ပြည်မအစိုးရအဖို့ မိမိမစင် မိမိပြန်စားခြင်းနှင့် သဏ္ဍာန်တူပေလိမ့်မည်။ ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ၏ လက်အောက်ခံပြည်နယ်အဖြစ် မနေလိုသဖြင့် အသည်းအသန် ကြိုးပမ်းခဲ့ကြသူများ၊ လွတ်လပ်ရေး ရပြီးနောက်လည်း ဗြိတိသျှဓနသဟာယနိုင်ငံအဖြစ်ပင် မခံယူ လိုသဖြင့် သဲကြီး မဲကြီးကန့်ကွက်ခဲ့သူတွေက တိုင်းရင်းသားတို့၏နယ်ပယ်ပိုင်းစိုးမှုကို ပြည်နယ် အဆင့်သာ သတ်မှတ် ချိုးနှိမ်ထားမှုက ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဗုဒ္ဒဘာသာဝင် ဗမာ လူမျိုးများကြီးစိုးသည့် ပြည်မ အစိုးရအတွက် နားလည်ရန်ခက်ခဲသည့် လုပ်ရပ်ပင်ဖြစ်သည်။

ပင်လုံစာချုပ်က အာမခံခဲ့သည့် ကိုယ်ပိုင်ပြဌါန်းခွင့်နှင့် တန်းတူညီမျှမှုတွေ အကုန်လုံးသိမ်းပိုက်ခံ လိုက် ကြရပြီ။ တန်းတူညီမျှမှုအရ ကချင်၊ ကယား၊ ကရင်၊ ဗမာ စသည် တိုင်းရင်းသားအားလုံး သာတူ ညီမျှမှုရှိရမည်ဖြစ်သည်။ ယခုမူ ဗမာတွေ၏ မင်းတစ်ကျပ် ငါတစ်ကျပ်လုပ်မှုကို တိုင်းရင်းသား တိုင်း ခံနေရသည်။ သေချာအရင်းစစ်လိုက်တော့ တိုင်းရင်းသားများ တစ်ကျပ်စီ၊ ဗမာ (၇)ကျပ်ဖြစ် သွား သည်။ မြန်မာဆိုသော စကားလုံးကိုပါ အပိုင်သိမ်းသွားကြသည်။ လွတ်လပ်ရေးရခါစက မြန်မာ ဆိုသည် အားလုံးနဲ့ဆိုင်သော အသုံးကဲ့သို့ ပွဲထုတ်ခဲ့သော်လည်း ယခုမူ လုံးဝ ဗမာသီးသန့် စကားလုံး လိုပြန်ဖြစ်သွားပါပြီ။ မြန်မာစာ၊ မြန်မာစကား၊ မြန်မာရိုးရာယဉ်ကျေးမှု စသည် အားလုံးသည် ဗမာလူမျိုးတို့နှင့်သာ သက်ဆိုင်ပြီး အခြားတိုင်းရင်းသားများ၏ စာ၊ စကား၊ ယဉ်ကျေးမှုကို တစ်စုံ တစ်ရာ ထင်ဟပ်ပြနိုင်မှုမရှိချေ။ ပိုဆိုးသည်ကား ယဉ်ကျေးမှု သွတ်သွင်းခြင်း၊ သမိုင်းကို ပြင်ရေး ခြင်း ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို ရှုပါ။ မြန်မာ့ရိုးရာ ဆိုစေ ကာမူ ဗမာအမျိုးသားများ၏ ယဉ်ကျေးမှုမှ လွဲ၍ မည်သည့်လူမျိုး၏ ယဉ်ကျေးမှုကိုမျှ ထည့်သွင်း ယှဉ်ပြိုင် စေခြင်း အလျင်းမရှိသေးပါ။ တောင်ပေါ်တိုင်းရင်းသားများ မိမိတို့၏ရိုးရာဝတ်စုံကိုဝတ်ဆင်၍ ဗမာ သီချင်းကြီး တက်ဆိုနေခြင်းများသာ တွေ့ရသည်။ ယခုဆို နှစ် (၂၀) ပြည့်တော့မည်။ မကြာ မတင်မီ ကာလတွင် ကချင်မိန်းမက ကချင်ဝတ်စုံဝတ်၍ ဗမာသီချင်းကြီးဆိုခြင်းကို တရားဝင် မြန်မာ့ ယဉ်ကျေးမှုဟု သတ်မှတ်ကာ သမိုင်းကို ပြင်ရေးကြတော့မည်။ ခြေလှမ်းတွေကို မျက်ခြေ မပြတ်လိုက် ကြည့်နိုင်မှ တော်ကာကျပေမည်။

Autonomy အရေးကြီးသည်၊ ရမှဖြစ်မည်။

တိုင်းရင်းသားများကို Autonomy ပေးလိုက်ရ၍ ပြည်မငါးပါးမှောက်မည်လော ကျနော်စဉ်းစားဖူးသည်။ ပြည်မအတွက် မည်သို့အကျိုးယုတ်သွားမည်နည်း။ ဖြစ်နိုင်ချေရှိသည်က မိမိတို့အကျိုးယုတ်မည်ကို စိုးရိမ်သဖြင့် ဗမာတို့က ဤသံသယဖြင့် တင်းခံနေခြင်း ဖြစ်နိုင်သည်။ Autonomy ရပြီး တိုင်းရင်းသား များလည်း ပြည်မနည်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ဖွံ့ဖြိုးလာမည်ကို မရှုစိမ့်၊ မနာလိုဖြစ်နေကြသည်။ မုဒိတာမပွားနိုင်ကြ။ ဆိုပါစို့။ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကချင်ပြည်ကို ဖွဲ့စည်းလိုက်ပြီဆို လျှင် ဗဟိုပြည်မအစိုးရမှ ၀င်ရောက်စွက်ဖက်ခွင့် ကန့်သတ်ခံရမည်ဖြစ်သည်။ ဒါကို သူတို့က အဖြစ် မခံနိုင်။ တစ်နိုင်ငံလုံး သူတို့၏ ချုပ်ကိုင်လွှမ်းမိုးမှုအောက်တွင် ထားချင်သည်။ တိုင်းရင်းသားနယ်ပယ် များကို မဆိုထားဘိ။ ပြည်မဗဟိုအစိုးရတွင်ပင် အာဏာတစ်စိတ်တစ်ပိုင်းချုပ်ကိုင်ထားရန် လွှတ်တော် တွင်း အမတ် ၂၅% ၀င်ထိုင်ခိုင်းထားသည်။ တိုင်းရင်းသားများကို မိမိတို့ပြည်ထောင်အရေးကို မိမိတို့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်မပေးခြင်းသည်လည်း လူ့အခွင့်အရေးချိုးဖောက်မှုပင် ဖြစ်သည်။ စာချုပ် စာတမ်းဖြင့် လာရောက်ပူးပေါင်းသူများကို လက်နက်အားကိုးဖြင့် ဓါးပြ(ဒမြ)တိုက် တိုင်းပြည်လုယူ လိုက်ခြင်းသည် ရာဇ၀င်တွင် မကြုံဖူးသည့် ရက်စက်ယုတ်မာကောက်ကျစ်မှုဖြစ်သည်။

ကချင်တွေ စစ်သွေးကြွလွန်းတာလား ?

တလောက မိတ်ဆွေတစ်ယောက် ဤသို့မေးလာသည်။ ဗမာအစိုးရက အပစ်အခတ်ရပ်စဲရန် ကမ်း လှမ်းလာပါလျက်နှင့် ကချင်တပ်မတော်က လက်မခံဘဲငြင်းဆန်ခဲ့သဖြင့် တိုက်ပွဲများ၏ တရားခံမှာ ကချင်တပ်မတြော်ဖစ်သယောင် ချိန်ခွင်လျှာပြောင်းသွားကြောင်းနှင့် အများအမြင်တွင် စစ်သွေးကြွတပ် အသွင်ဖြစ်လာမှာစိုးရကြောင်း သုံးသပ်ပြသည်။ အလွန်ကျေးဇူးတင်ပါသည်။ ထိုမေးခွန်းကို ဖြေရန် အတွက် ဤစာစုကို ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စာချုပ်စာတမ်း ကတိက၀တ်ကို လက်နက်အင်အားဖြင့် ချိုးဖောက် ကာ ထင်ရာစိုင်းခဲ့သည့် သရုပ်သကန်အရ ကချင်တို့သင်ခန်းစာယူခဲ့သည့် ခံယူချက်မှာ ပြည်မရှိ ဗမာ အစိုးရကိုမယုံနှင့် ဟူ၍ပင် ဖြစ်ပါသည်။ တိုင်းရင်းသားများကို လုံးဝတန်ဖိုးမထား၊ အလေးအနက် မပြု၊ ကတိသစ္စာမတည်သည့် ပြည်မအစိုးရ၊ ကောက်ကျစ်စဉ်းလည်းပြီး အစဉ်အမြဲ ဆင်ကြံကြံနေသည် ဗမာစစ်တပ် စသည်တို့ကိုယုံလျှင် အဖတ်ဆယ်မရဖြစ်သွားပေမည်။

ကတိပေးတိုင်း မယုံတော့ပါ။ ပြည်မအစိုးရ အထူးသဖြင့် ဗမာစစ်တပ်ပေးသော ကတိကို ပို၍မယုံနိုင် ပါ။ ကတိပေးချင်ရာပေးပြီး သေနတ်တစ်ချက်ဖောက်ကာ ဘွာတေးခတ်တတ်သည့် လူကြီးလူကောင်း မဆန်သည့် လုပ်ရပ်များကို ကချင်တို့ လုံးဝရှုံ့ချပါသည်။ ပြည်မအစိုးရပေးသော ကတိသည် အင်အား မဲ့သူ လက်နက်မဲ့သူအတွက် အာမခံမှုလုံးဝမရှိသော လိမ်ဆင်ဇာတ်ထုပ် သက်သက်ဖြစ်သည်။ ထို ကတိကို အာမခံနိုင်ရန် မိမိတို့က အင်အားတောင့်တင်းပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားမှ တော်ကာကျပေမည်။ ကတိအတိုင်း အပြည့်အ၀ဖော်ဆောင်နိုင်မှ တက်ထောင်နိုင်ပါမည်။ ပင်လုံ ကတိက၀တ် ပြည့်စုံမှ အပစ်ရပ်နိုင်ပေမည်။

ပင်လုံစာချုပ်တုန်းက ရိုးသားသောတိုင်းရင်းသားများက ရိုးသားသော ဗိုလ်ချုပ်အောင်ဆန်းကို လွယ်လွယ် ယုံခဲ့ကြသည်။ ဗိုလ်ချုပ်နောက်ကွယ်မှ ၀ံပုလွေများကို သတိမထားမိခဲ့။ သဘောတူ ထားသော ကတိကို တစ်ဘက်မှဖောက်ဖျက်လာပါက ပြန်လည်တုံ့ပြန်ရန် လုံလောက်သော အင်အားမရှိပဲ လိပ်ပတ်လည်အောင် မစဉ်းစားပဲ အယုံလွယ်ခဲ့ကြသည်။ ယခု အားလုံး ပြောင်းလည်း ကုန်ပြီ။ တိုင်းရင်းသားအားလုံး ဗမာအစိုးရကို မယုံကြတော့ပေ။ ဒီလိုဖြစ်အောင်လည်း ဗမာအစိုးရ ကိုယ်တိုင်ကပင် လုပ်ခဲ့ခြင်းဖြစ်သည်။ ယခင်လို လှည့်၍ပတ်၍ရသော၊ ကြိုက်သလို လူလည်ကျနိုင် သော လူမျိုးများ မဟုတ်ကြတော့ပေ။ ထို့ကြောင့်ပင် ကချင်များသည် ဗမာစစ်တပ်နှင့်အစိုးရ၏ အောက်တန်းစားစိတ်ဓာတ်ကို အတွင်းသိ အစင်းသိဖြစ်သည့်အကြောင်း၊ ဗမာအစိုးရ၏ မလိမ့်တပတ် ထုပ်မှုကို ခါးစည်းခံရအောင် ယခင်ကဲ့သို့ အင်အားမရှိသည့် လက်နက်မရှိသည့် လူမျိုးမဟုတ်တော့ သည့် အကြောင်း ဗမာအစိုးရသိစေရန် လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်း ဖြစ်ပါသည်။

နိဂုံး

နိဂုံးချုပ်ပါတော့မည်။

၁။ ပင်လုံစာချုပ်အရ စုစည်းခဲ့သည့် ပြည်ထောင်စုတွင် ယခုအခါ ပြည်မရှိ ဗမာအစိုးရက ပင်လုံစာချုပ် ကို ဖောက်ဖျက်ခဲ့ကြပြီးဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိနိုင်ငံသည် ပြည်ထောင်စုမဟုတ်တော့ဘဲ ပြည်နယ်စု ကိုလိုနီတိုင်းပြည်တစ်ရပ်သာ ဖြစ်ပါသည်။ ကချင်ဒေသတွင် တိုက်ပွဲများ ရပ်စဲရန်မှာမူ၊ ရန်ပြုကျူးကျော်လာသူ ဗမာနယ်ချဲ့တပ်များ ဆုတ်ခွာသွားပါက တိုက်ပွဲဖြစ်ရန်လုံးဝလိုအပ်မည် မဟုတ်တော့ပါ။ အပစ်ရပ်လက်မှတ်ထိုးရန် မလိုပါ။ နယ်ချဲ့တပ်ပြန်ဆုတ်သွားရန်သာ လိုပါသည်။ မဆုတ်လိုပါက အပစ်ရပ်ရန်လည်း မလိုပါ။ ဆက်တိုက်ဖို့သာ ရှိသည်။ နယ်ချဲ့တပ်နှင့် နယ်စောင့် မျိုးချစ်တပ် တိုက်ပွဲဖြစ်ကြမည်မှာ ရှောင်လွဲ၍ မရပေ။ သို့တည်းမဟုတ် ပင်လုံစာချုပ်ကို ပြန်လည် အသက်သွင်းလိုက်ပါမူ ဗမာတပ်သည် နယ်ချဲ့တပ်မဟုတ်တော့သဖြင့် အပစ်အခတ်ရပ်စဲ လက်မှတ် ထိုးရန် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှ အပစ်ရပ်မှု လာပါသည်။

၂။ တိုင်းရင်းသားတို့ကို ဗိုလ်ချုပ်ပေးခဲ့သော ကတိက၀တ်ကို လက်နက်အားကိုး၍ “မကျေနပ်ရင် မင်းဘာတတ်နိုင်လည်း”ဟူသည့် အချိုးဖြင့် ချိုးဖောက်ခဲ့သဖြင့် ယခုချိန်တွင်လည်း အလားတူ ထပ်မဖြစ်အောင် တိုင်းရင်းသားများ လက်နက်စွဲကိုင်ကာ ရန်ပြုကျူးကျော်လာသည့် ဗမာစစ်တပ်ကို တွန်းလှန်နေကြပါသည်။ အမှန်တကယ် အင်အားချင်း မယှဉ်သာပါ။ ဗမာတပ်များမှာ များစွာ အင်အား သာလွန်ပါသည်။ သို့သော် တိုင်းရင်းတပ်များတွင် စိတ်ဓာတ်အင်အားသာလွန်ပါသည်။ မဟုတ်မခံ ရင်ဆိုင်တွန်းလှန်နေရခြင်း သည်ပင်လျှင် တိုင်းရင်းသားတပ်မတော်တို့၏ အောင်ပွဲဖြစ်ပါ သည်။ တစ်ချိန်တုန်းကလို ပြုသမျှနုမည့်သူများ မဟုတ်ကြောင်း၊ ကတိကို အင်အားဖြင့် အာမခံ ယူထား ကြောင်း ဗမာတပ်သိလျှင် အောင်မြင်ပါသည်။

၃။ ပြည်ထောင်စုထာဝရငြိမ်းချမ်းရန် တိုင်းရင်းသားအရေးသည် အလွန်အခရာကျပါသည်။ တိုင်းရင်းသားများကို လေးစားမှုမရှိ၊ အထင်အမြင်သေး နှိမ့်ချဆက်ဆံနေမည်ဆိုပါက စစ်မှန်သော ပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်း တစ်လျှောက်လုံး တိုင်းရင်းသားများသည် မိမိတို့အခွင့်အရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင် ခဲ့ကြသည်။ ဗမာအစိုးရကလည်း တစ်လျှောက်လုံး တင်းခံခဲ့သည်။ အင်အားအလုံး အရင်းဖြင့် ချေမှုန်းခဲ့သည်။ အခွင့်အရေးဗန်းပြပြီးလည်း စည်းရုံးသိမ်းသွင်းခဲ့သည်။ သို့သော် ပြည်တွင်းစစ်သာ သက်ဆိုးရှည်လာသည်။ ဘာမျှ အကျိုးထူးမလာခဲ့ပေ။ မိမိအခွင့်အရေးအတွက် တိုက်ပွဲဝင်သူကလည်း ပစ်သည်။ နယ်ချဲ့အစိုးရတပ်ကလည်း ပစ်သည်။ နိုင်ငံရေးအတွေး အမြင်ခိုင်မာသည့် မည်သည့် အဖွဲ့ကို နယ်ချဲ့တပ်များ နိုင်အောင် မပစ်နိုင်။ မညှိနှိုင်းနိုင်။ နှစ်ဘက်လုံးက ဆက်ပစ်သည်။ ဤသို့ နှင့်ပင် သောင်တင် ရေမကျဖြစ်နေသည်မှာ နှစ်ပေါင်း (၆၀) ကျော်ပြီ။ ဒီအတိုင်းပဲ ဆက်သွား ကြဦးမည်လော။

၎။ ယခုအချိန်သည်ပင် ဗမာအမျိုးသားများနှင့် ဗမာအစိုးရအတွက် တိုင်းရင်းသားများ၏ ယုံကြည် လေးစားမှုကို ပြန်လည်တည်ဆောက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ပြည်မနိုင်ငံရေး ချိန်ခွင်လျှာ ပြောင်းလည်းမှု၊ ပြန်လည်ရင်ကြားစေ့မှုတွေနှင့်အတူ တိုင်းရင်းသားအရေးအပေါ် လက်ရှိအစိုးရ၏ သဘောထားပျော့ပြောင်းမှုတို့ကို အထင်အရှား တွေ့ရသည်။ ယခုသည်ပင် စစ်မှန်သော ပြည်ထောင် စု နှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရမည့် အချိန်ဖြစ်ပါသည်။ ပင်လုံစိတ်ဓာတ်နှင့် အနှစ်သာရ ကို ပြန်လည်အသက်သွင်းကာ တိုင်းရင်းသားအရေး သင်ပုန်းချေရမည့် အချိန်ဖြစ်ပါသည်။

ဝန်ခံချက်

မိမိအမြင်သည် မိမိ၏အမြင်သာ ဖြစ်ကြောင်း သိစေလိုပါသည်။ စာရှုသူအမြင်သည် မိမိအမြင်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်နိုင်သလို မိမိအမြင်သည်လည်း စာရှုသူအမြင်၏ အစွန်းထွက်သာ ဖြစ် ကောင်းဖြစ်နေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မိမိအမြင်သည် မိမိ၏ အမြင်သာဖြစ်ကြောင်း ၀န်ခံပါသည်။

ကျနော် မြန်မာပြည်ကို ချစ်ပါသည်။

ဒေါက်တာမြန်အောင်

No comments:

Post a Comment