Pages

Monday, June 11, 2012

နောက်ကြောင်းပြန်လှည့်နေပြီ

နောက်ကြောင်းပြန်လှည့်နေပြီ
တူမောင်ညို ။ ဇွန် ၁၁၊ ၂၀၁၂

အမှိုက်ကစ ပြဿဒ်မီးလောင်ပြီ။
တကယ်တော့ ပြဿနာရဲ့မူလဇစ်မြစ်က “အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု”တဲ့ ရာဇဝတ်မှု သာဖြစ် ပါတယ်။ ဒါကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်း (မြို့နယ် အဆင့်)က စနစ်တကျ ကိုင်တွယ် ဆောင် ရွက်ရမယ့် ကိစ္စပါ။

ဒါပေမယ့် မြို့နယ်အဆင့်ကလည်း ဒီကိစ္စကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ကိုင်တွယ်နိုင်စွမ်း မရှိခဲ့တဲ့အပြင် ဆက်လက်ပြီးတော့ အပြစ်မဲ့သူလူ (၁၀) ဦး သတ်ဖြတ်မှု ထပ်မံဖြစ်ပွား ခဲ့ရပြန်ပါတယ်။

ဘယ်မှာလဲ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ဘယ်မှာလဲ တရားဥပဒေစိုးမိုးမှု။

ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေကို နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြား နှင့် ရေဒီယို (FM ရေဒီယိုကွန်ယက်များ) များကနေ မီးလောင်ရာ လေပင့်တဲ့ အရေးအသားအသုံးအနှုန်းများနဲ့ ကြွလာ၊ ထလာအောင် ရေးသား ထုတ်လွှင့်ပေးခဲ့ပြန်ပါတယ်။ ဒီတော့ ဦးသိန်းစိန်ရဲ့အရေးပေါ် မိန့်ခွန်းထဲမှာထည့်ပြောသွားတဲ့

“ ဘာသာရေးနဲ့လူမျိုးရေးကို ရှေ့တန်းတင်တဲ့ ၊ မဆုံးနိုင်တဲ့မုန်းတီးမှုတွေနဲ့ လက်စားချေလိုမှုတွေ”

ပိုမို ကျယ်ပြန့်လာစေတော့တာပါပဲ။

ဒီလုပ်ရပ်ဟာ သတိတရားမဲ့၊ အသိတရားမဲ့၊ ဆင်ခြင်တုံတရားမရှိတဲ့၊ မိုက်မဲတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးသာ ရှက်တတ်မယ်ဆိုရင်တာဝန်ကနေနှုတ်ထွက်ရမှာပါ။

“၁၆ဦး စုံစမ်းစစ်ဆေးရေးကော်မတီ” ဖွဲ့စည်းပြီးတဲ့ နောက်မှာ ဆက်လက် ပေါ်ပေါက်လာတဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်မှု၊ အကြမ်းဖက် သတ်ဖြတ်မှုအမုန်းမီးတောက်ဟာ “ဘူးသီးတောင်၊မောင်တော” ကနေ ရခိုင်ပြည်နယ်တစ်ခုလုံးသို့ ကူးစက်ပျံ့နှံ့သွားခဲ့ပြီ။ တဟုန်းဟုန်း တောက်လောက်နေခဲ့ပြီ။ ဒါ့အပြင် အင်တာနက်အွန်လိုင်းတွေနဲ့ ဖဘ (Face Book) တွေပေါ်မှာလည်း မကြားဝံ့၊ မမြင်ဝံတဲ့ စကားလုံးတွေ၊ ရုပ်ပုံတွေဖေါ်ပြရေးသားပြီး အပြန်အလှန်တိုက်ခိုက်နေကြပါတယ်။

မေလ ၂၈ ရက်၊ သပြေချောင်းကျေးရွာနေ မ— အား “အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု” မှုဖြစ်ပွား သည်။

ဇွန်လ ၃ ရက်၊ သံတွဲ- တောင်ကုတ်ကားလမ်းဆုံတွင် လူ ၁၀ ဦးအားသတ်ဖြတ်မှု ဖြစ်ပွားသည်။

ဇွန်လ ၅ ရက်၊ နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြား နှင့် ရေဒီယို (FM ရေဒီယိုကွန်ယက်များ)များကနေ မီးလောင်ရာ လေပင့်တဲ့ အရေးအသားအသုံးအနှုန်းများဖြင့်ထုတ်လွှင့်ရေးသားဖေါ်ပြသည်။

ဇွန်လ ၆ ရက်၊ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းသည်။

ဇွန်လ ၈ ရက်၊ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များတွင် ပုဒ် ၁၄၄ ထုတ်ပြန်သည်။

ဇွန်လ ၉ ရက်၊ “မောင်တောမြို့နှင့်ဘူးသီးတောင်မြို့များတွင် အခြေအနေမျာ မူလအတိုင်းပြန် လည် တည်ငြိမ် အေးချမ်း လျက်ရှိ ကြောင်း” သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၀ ရက်၊ ရခိုင်ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေကြေညာသည်။

ထူးဆန်းတာက
ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုနဲ့အသံကို လုံးဝမကြား ရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်တွေဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ယူမှုနဲ့ဖြေရှင်းဆောင်ရွက်မှုကို မတွေ့မမြင်ရပါဘူး။

အနိမ့်ဆုံးတော့ ရခိုင်ပြည်နယ်လွှတ်တော် ရဲ့ အရေးပေါ် အစည်းအဝေးလောက်တော့ ခေါ်ယူ သင့်ပါ တယ်။ အခုတော့ ရခိုင်ပြည်နယ်လွှတ်တော် ဟာ ဘယ်လောက်အထိ ချိနဲ့တယ်။ ရုပ်ပြသဘော လောက် သာ ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။

အခုတော့ “အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု”တဲ့ ရာဇဝတ်ပြစ်မှုဟာ “ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း” ထိကျယ်ပြန့် သွားခဲ့ပါပြီ။ ပြည်တွင်းစစ်ကာလတစ်လျောက်လုံးမှာ စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ “အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု၊ ဘုရားရှိခိုး ကျောင်းမီးရှို့၊ ရွာမီးရှို့၊” စတဲ့ ရာဇဝတ်မှုတွေ အမြောက် အများကို “လိုင်စင်”ယူထားသကဲ့သို့ ကျူးလွန်ခဲ့တာပါ။ အဲဒီလို စစ်တပ် တွေက လူမဆန်တဲ့ ရာဇဝတ် မှုတွေကို ရှမ်း၊ ကရင်၊ ကချင်၊ မွန် စတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ခိုင်လုံတဲ့အထောက် အထား တွေနဲ့ ပြုစု ထားတဲ့ “အစီရင်ခံစာ” တွေ အမြောက်အများရှိနေပါတယ်။

“ရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စ” ကို အခုချိန်မှ ဘာကြောင့် တင်လာရတာလဲ။

“မျိုးချစ်စိတ်ဓါတ်” ထက်သန်ပျံ့ပွားရေးအတွက်လား။ စစ်တပ်ကို အားကိုးအားထားပြုလာအောင်ဆိုတဲ့ မိုက်မဲတဲ့ တနပ်စား စဉ်းစားနည်းနဲ့လား။

“ရိုဟင်ဂျာ (ဘင်္ဂါလီ)” တွေ တရားမဝင် ဝင်ရောက်လာတာဟာ ဘယ်သူ့တွေမှာတာဝန်ရှိသလဲ။ နယ်စပ်ဒေသ လူဝင်မှု စစ် ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက)မှာ တာဝန်ရှိပါတယ်။ (နစက)ကို စစ်တပ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာနတို့နဲ့ ဖွဲ့စည်းထားတာပါ။ လေသံကြားတာနဲ့ မြန်မာနိုင်ငံသား မဟုတ်မှန်း သိနိုင်သူတွေ အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားနိုင်အောင် ဘယ်သူတွေက“ကူညီ” ထုတ်ပေးခဲ့ တာလဲ။ (နစက)လား၊ (လဝက)လား။

ဒါ့အပြင်ပြဿနာဖြစ်ပွားနေတဲ့ မောင်တောခရိုင် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရေပြင်ရောကုန်းတွင်းပါ ထိစပ်နေပြီး မောင်တော ခရိုင်အတွင်းက မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင် မြို့နယ်မြောက်ပိုင်းဒေသတွေဟာ လူဦးရေ၊ နယ်မြေဒေသ အကျယ်အဝန်း၊ ဆန်စပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေအရ ဝမ်းစာဖူလုံမှုမရှိခြင်း ၊ လူဦးရေထူထပ်များပြားနေခြင်း ၊ မွေးဖွားနှုန်း အဆမတန် တိုးပွားကာ နိုင်ငံတကာစံချိန် စံညွန်းထက်ကျော်လွန်နေခြင်း စတဲ့ ထူးခြားသောအခြေ အနေများ ရှိနေပါတယ်။

လူဦးရေသိပ်သည်းမှုဘက်ကကြည့်ရင်လည်း စံချိန်တင်လောက်ပါတယ်။
မောင်တောမြို့နယ်တွင် တစ်စတုရန်းမိုင်လျှင် (၈၇၀)ဦး နဲ့ တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် တစ်စတုရန်း မိုင်လျှင် (၇၀၁) ဦး ရှိပြီး ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်း မိုင်လျှင်(၂၃၃)ဦးဖြစ်ပါတယ်။ ကပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေသိပ်သည်းဆက တစ်စတုရန်းကီလိုမီတာ တွင် လူဦးရေ (၁၂၁၇) ဦး ဖြစ်ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များနေထိုင်လျက်ရှိတဲ့ “ပြည်ထောင်စုဖွား ဒေသခံမြန်မာမူစလင်” များကိစ္စနဲ့ “ရိုဟင်ဂျာ (ဘင်္ဂါလီ)”ကိစ္စကို စနစ်တကျကိုင်တွယ် ဖြေရှင်း သွားရမှာပါ။

နှစ်နိုင်ငံညှိနှိုင်းဆွေးနွေး ဖြေရှင်းသွားရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ စက်လှေပျက်ပြီး ဒုက္ခရောက် လာသူ တွေကို စားနပ် ရိက္ခာ ပေးပြီး ပင်လယ်ထဲပြန်မောင်းချတဲ့ ဖြေရှင်းနည်းမျိုးကို အတုမယူ သင့်ပါဘူး။

ကျနော်တို့တိုင်းပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေရောကုန်းပါ ဆက်စပ်နေတာပါ။ ရခိုင်ပြည်နယ် မှာနေ ထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ပြည်သူတွေ တည်တည်ငြိမ်ငြိမ်၊ အေးအေး ချမ်းချမ်း၊ လုံလုံခြုံခြုံ နေထိုင်သွားလာလုပ်ကိုင်စားသောက်နိုင်တဲ့ ရေရှည်အာမခံချက်ရရှိနိုင် မယ့် ဖြေရှင်းမှုမျိုးကိုသာ ဦးတည်ချက် ထားဖြေရှင်းရမှာပါဖြစ်ပါတယ်။

ချက်ခြင်း ဖြေရှင်းရလို့မယ့် ကိစ္စမဟုတ်
ဒါကြောင့် “ရိုဟင်ဂျာ (ဘင်္ဂါလီ)”ကိစ္စကို ပြီးစလွယ်ဖြေရှင်းလို့မရပါဘူး။ စနစ်တကျအချိန်ယူပြီး ဖြေရှင်း ရမှာပါ။ ဘင်္ဂလားဒေ့ရှ်နဲ့ ရေပြင်ပိုင်နက်အငြင်းပွားမှုကို ဘယ်လိုဖြေရှင်းခဲ့ကြသလဲ။

“ဘာသာရေးလူမျိုးရေး” လှုံ့ဆော်ပြီး အမျိုးသားရေးအလံကိုင်နေရာ ယူမယ်ဆိုတဲ့ ခပ်တုံးတုံး စဉ်းစားမှု မျိုးနဲ့တော့ ဖြေရှင်းလို့ မရ ပါဘူး။ ၂ နိုင်ငံ၊ ၂ ပြည်သူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မယ့်ဖြေရှင်း နည်းမျိုး နဲ့ဖြေရှင်းမှသာ ရေရှည်ပြေလည်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။

ပြည်တွင်းစစ်မရပ်စဲနိုင်သမျှ၊ ပြည်တွင်းငြိမ်းချမ်းရေးမရှိသမျှ၊ အမျိုးသားညီညွတ်ရေး မတည်ဆောက် သမျှကာလပတ်လုံး ဘယ် အစိုးရမျိုးပဲ တက်နေပါစေ ဒီလိုပြဿနာတွေကို ပြီးပြတ်ပြေလည် အောင် ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။

အခုတော့ ဦးသိန်းစိန်အစိုးရတာဝန်ရှိသူ အဆင့်ဆင့်က ကိုင်တွယ်ဖြေရှင်းလိုက်ကြတာဟာ နောက်ဆုံး မှာ ရခိုင်ပြည်နယ်တစ်ခုလုံး အရေးပေါ် အခြေအနေကြေညာရတဲ့ ဘဝကျရောက်သွားခဲ့ရပြီ ဆိုတဲ့ အချက်နဲ့ သာဓကပြနေပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးအရေးပေါ်အခြေအနေကြေညာရတယ်ဆိုတာ “စိုးရိမ်သူတွေ” ပြောနေတဲ့ “နောက်ပြန်လှည့်မှု” ဖြစ်ပါ တယ်။ နောက်ပြန်လှည့်မှုဟာ ရခိုင်ပြည်နယ်မှာ စတင်ခဲ့ပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၄၁၃ (က) ကို သုံးမည်ဟု ဦးသိန်းစိန်၏ အရေးပေါ်ကြေညာချက် အမိန့် အမှတ် (၁/၂၀၁၂) မှာ ဖေါ်ပြထားပါတယ်။

ညွန်း

-ပြန်ကြားရေးဝန်ကြီးဌာန၊ Website မှ ထုတ်ပြန်ကြေညာချက်များ

-ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇) မှ ဦးဇာယာဒ်ရော်မံ(ခ) ဦးဌေးဝင်း ၏ အမျိုးသားလွှတ်တော် တွင်းမေးမြန်းချက်ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ၏ ပြန်လည်ဖြေကြားချက် ( ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂ ရက် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၈ ၊ ကော်လံ ၁)

-ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)


Moemaka Blog မှပြန်လည်ကူယူဖေါ်ပြပါသည်။

No comments:

Post a Comment